Saturday, July 21, 2018

            
           စိုက်ပျိုးရေး 4.0 နဲ့ ပြည်သူ့ရေးရာ မူဝါဒ
အောင်သူငြိမ်း
The Voice Weekly Journal ခုအပတ်မှာ ဖော်ပြထားပါတယ်။
========================

ကျနော်က စက်မှုတော်လှန်ရေး 4.0 အကြောင်းတွေ ရေးနေတော့ ဆက်စပ်ဖတ်မိရင်း၊ စိုက်ပျိုးရေးကဏ္ဍမှာလည်း ခေတ် သစ်နည်းပညာ ပါဝင်ပတ်သက်လာပုံကို သတိပြုမိလာပါတယ်။ ဒါကို အချို့သော ပညာရှင်တွေက စိုက်ပျိုးရေး 4.0 (Agriculture 4.0) လို့ ခေါ်ဆိုလာကြပါတယ်။ မြန်မာနိုင်ငံအတွက်တော့ ဒီကိစ္စဟာ ခြိမ်းခြောက်မှုကြီးတခု ဖြစ်လာမလား၊ ဒါမှမဟုတ် အားသာချက်တခု ဖြစ်လာမလား တွက်ဆကြည့်ဖို့တော့ ကောင်းပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ရဲ့ ဖော်ပြချက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး စုစုပေါင်း (GDP) ရဲ့ ၃၇.၈% ကို လယ်ယာ စိုက်ပျိုးရေးကဏ္ဍက ဖြည့်ဆည်းပေးပါတယ်။ မြန်မာနိုင်ငံ ပြည်ပပို့ကုန်ဝင်ငွေရဲ့ ၂၅ ကနေ ၃၀% လောက်ကို စိုက်ပျိုးရေး ကဏ္ဍက ရရှိပါတယ်။ ဒါပေမယ့် လယ်ယာကဏ္ဍကို မှီခိုအသက်မွေးနေကြရသူတွေက များပါတယ်။ ၇၀% သော လုပ်သား အင်အားစုတွေက ဒီကဏ္ဍကို မှီခိုနေကြရပါတယ်။

တလောက ဘန်ကောက်မှာ Singularity University လို့ခေါ်တဲ့ အဖွဲ့အစည်းက ညီလာခံတခုလုပ်ပြီး၊ ရှေ့ဖြစ်နိုင်မယ့် အလားအလာတွေကို ပညာရှင်တွေက စုစည်းဆွေးနွေးခဲ့ကြပါတယ်။ Singularity U (https://su.org/) လို့ ခေါ်တဲ့ အဖွဲ့အစည်းကတော့ အနာဂတ်ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေကို ပြင်ဆင်ပေးဖို့ သင်တန်းတွေပို့ချပေးနေတဲ့ အဖွဲ့အစည်းကြီးတခုပါ။ ဒီအစည်းအဝေးကို တက်ရောက်ပြီး၊ သူကိုယ်တိုင်လည်း ဟောပြောသူတယောက်ဖြစ်တဲ့ ဆာတုပါ အမွန်ဝိဝတ် (Satupa Amornwiwat) က ဘန်ကောက်ပို့စ် သတင်းစာမှာ ပြန်ရေးထားတဲ့ ဆောင်းပါးတပုဒ်ကို စိတ်ဝင်စား ဖွယ် ဖတ်ရပါတယ်။ ဒီအမျိုးသမီးကတော့ ထိုင်းနိုင်ငံက ဘဏ်ကြီးတခုဖြစ်တဲ့ ဆီယမ် ကော်မာရှယ်ဘဏ်ရဲ့ လက်ခွဲကုမ္ပဏီ တခုဖြစ်တဲ့ SCB Abacus က အမှုဆောင်အရာရှိချုပ် ဖြစ်ပါတယ်။ သူတို့ကုမ္ပဏီက လူဖန်တီးအသိဉာဏ်တု (AI) နည်း ပညာသုံးပြီး သုံးသပ်စိစစ်မှုလုပ်ဆောင်ပေးတဲ့ ဌာနမျိုး ဖြစ်ပါတယ်။

သူက AI နည်းပညာကြောင့် ဖြစ်ပေါ်လာမယ့် 'စမတ်စိုက်ပျိုးရေး' အကြောင်းရေးပါတယ်။ လယ်ယာကဏ္ဍမှာ ရိုဘော့ စက်ရုပ်လုပ်သားတွေရယ်၊ ဒရုန်းပျံသန်းပြီး ကြီးကြပ်မယ့်စနစ်တွေ ဖြစ်လာမယ့်အကြောင်းကို ဖော်ပြပါတယ်။ AI နည်း ပညာကြောင့် စိုက်ပျိုးရေးကဏ္ဍကို ဘယ်လိုပြောင်းလဲသွားနိုင်ပါသလဲ။ ပိုလို့ အရေးကြီးတာက ဒီလို နည်းပညာတိုးတက် ပြောင်းလဲမှုတွေကြောင့် ကျနော်တို့နိုင်ငံနဲ့ လယ်သမားထုအပေါ် ဘယ်လိုသက်ရောက် ထိခိုက်ပြောင်းလဲနိုင်သလဲဆိုတာ ကြိုစဉ်းစားဖို့ လိုအပ်လာပါတယ်။ ထိုင်းနိုင်ငံ စီးပွားရေးစနစ်နဲ့ ကျနော်တို့ မြန်မာနိုင်ငံ တည်ဆောက်ထားပုံချင်းက အတော် ကွာခြားနေပါပြီ။ ထိုင်းနိုင်ငံမှာ စိုက်ပျိုးရေးကဏ္ဍက ဂျီဒီပီရဲ့ ၁၀% လောက်ပဲ ရှိပါတော့တယ်။ ဒါ့အပြင် ဂျီဒီပီ ပါဝင်မှုကျ ဆင်းလာနေတဲ့ အလားအလာလည်း ရှိနေပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ လုပ်သား ၄၀% လောက်က လယ်ယာကဏ္ဍ မှာ လုပ်ဆောင်နေကြတုန်း ရှိပါတယ်။ နည်းပညာတိုးတက်တယ် ဆိုပေမယ့် ထိုင်းလယ်သမားတွေက စက်မှုလယ်ယာ သုံးတာ၊ ရေပေးသွင်းမှုမှာ အဆင့်မြင့်စနစ်တွေ သုံးတာ၊ အဆင့်မြင့်နည်းပညာအပေါ် ရင်းနှီးမြှုပ်နှံမှုပြုတာ နည်းနေတုန်းပဲ လို့ ဆိုပါတယ်။ 

လယ်ယာကဏ္ဍမှာ နည်းပညာပြောင်းလဲ တိုးတက်လာမှုကြောင့် အကောင်းဖက်က ရှုမြင်နိုင်တယ်လို့လည်း ဒေါက်တာ ဆာတုပါက ဆိုပါတယ်။ နည်းပညာ ထည့်သွင်းလာမှုကြောင့် ကုန်ကျစားရိတ် သိသိသာသာ ကျဆင်းသွားပြီး၊ ထုတ်လုပ် နိုင်စွမ်းက အဆမတန်မြင့်မားလာနိုင်ပါတယ်။ AI နည်းပညာကြောင့် လယ်ယာကဏ္ဍ တခေတ်ဆန်း ဖြစ်လာနိုင်ပါတယ်။ ယခင်တချိန်တုန်းက တဆင့်ပြီးတဆင့် (Linear) ပြောင်းလဲခဲ့တဲ့ စက်မှုလယ်ယာသဘောနဲ့တောင် မတူနိုင်တော့ပါဘူး။  AI နည်းပညာကြောင့် ပိုမိုတိကျတဲ့ စိုက်ပျိုးထုတ်လုပ်မှု (precise farming) ဖြစ်လာပါလိမ့်မယ်။ အဆမတန် ထုတ်လုပ်နိုင် စွမ်း နဲ့ စီးပွားဖြစ် ထုတ်လုပ်နိုင်စွမ်းလည်း ဖြစ်ပေါ်လာပါလိမ့်မယ်။

ပထမအချက်ကတော့ စိုက်ပျိုးထုတ်လုပ်မှုမှာ နည်းပညာကြောင့် ထိရောက်မှုကို တိုးတက်စေမှာပါ။ AI နည်းပညာကြောင့် ပိုမိုများပြားတဲ့ ဒေတာ သတင်းအချက်အလက်တွေကို စီမံခန့်ခွဲနိုင်ပြီး၊ လုပ်အား အသုံးပြုရမှုလည်း လျှော့နည်းစေပါလိမ့် မယ်။ AI နည်းပညာနဲ့အတူ အရာရာချိတ်ဆက်ထားတဲ့ အင်တာနက် (IoT) နည်းပညာကြောင့် လယ်ယာကဏ္ဍမှာ ရိုဘော့ စက်ရုပ်တွေကိုလည်း အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍသုံး ဒရုန်းယာဉ်ပျံတွေကြောင့် ဝေဟင်က ပျံဝဲရင်း ပိုမိုထိရောက်တဲ့ ဒေတာတွေကို ကောက်ယူစုဆောင်း နိုင်ပါလိမ့်မယ်။ အဲဒါကို ဆော့ဝဲယားတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပိုမို ထုတ်လုပ်နိုင်စွမ်းအတွက် သုံးသပ်စစ်ဆေးမှုတွေကို စက်တွေက လုပ်နိုင်ပါတယ်။ အလားတူပဲ မွေးမြူရေးကဏ္ဍမှာ လည်း AI နည်းပညာကို အသုံးချလာနိုင်ပါတယ်။ "Cow Fitbits" လို့ ခေါ်တဲ့ AI နည်းပညာကြောင့် လယ်သမားတွေက မွေးထားတဲ့ တိရိစ္ဆာန်တွေရဲ့ အမူအကျင့်တွေကို စောင့်ကြည့်သိရှိနိုင်ပြီး၊ သူတို့ ကျန်းမာဖွံ့ဖြိုးရေးကို ပိုစောင့်ရှောက်နိုင်ပါ လိမ့်မယ်။

ခုလို ပိုမိုထိရောက်တဲ့ ထုတ်လုပ်မှုအပြင်၊ AI နည်းပညာစနစ်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကျရောက်တတ်တဲ့ အန္တရာယ်တွေကိုလည်း ကြိုတင်သတိပေး ကာကွယ်နိုင်ပါလိမ့်မယ်။ နည်းပညာ အများစုက တိကျတဲ့ လယ်ယာကဏ္ဍ
အဖြေများ (precision farming solutions) ကို ထုတ်ပေးနိုင်ပြီ ဖြစ်ပြီး၊ ပိုးမွှားနဲ့ ရောဂါတွေအတွက်လည်း ကြိုတင် တွက် ဆပေးတာတွေ လုပ်နိုင်နေပြီ ဖြစ်ပါတယ်။ အစပျိုးလုပ်ငန်းတခုဖြစ်တဲ့ (Blue River Technology) နည်းပညာအရ ဒရုန်း ကို သုံးပြီး လယ်သမားတွေက ပေါင်းမြက်တွေကို သိနိုင်ပါတယ်။ ဘယ်အပင်တွေက စိုက်ပင်ဟုတ်တယ်-မဟုတ်ဘူးဆို တာ သိနိုင်ပါတယ်။ အဲဒါအပြင် လယ်သမားတွေက AI နဲ့ Big data (ဘစ်ဒေတာ) နည်းပညာကို သုံးပြီး၊ တွက်ချက်ကာ လယ်ယာကဏ္ဍ အာမခံ ဝယ်ထားတာမျိုးလည်း လုပ်နိုင်ပါသေးတယ်။ အကယ်၍ ထင်မှတ်မထားတာ တခုခု ဖြစ်လာခဲ့ရင် ငွေကြေးဆုံးရှုံးရမှုက ကာကွယ်ပေးနိုင်ဖို့ပါ။ နောက်ဆုံးအနေနဲ့ တွင်ကျယ်နေပြီဖြစ်တဲ့ အင်တာနက်နဲ့ လူမှုမီဒီယာ တွေ ကြောင့် ကမ္ဘာတစ်ဝန်းက လူမှုအသိုက်အဝန်းတွေက ပိုမိုချိတ်ဆက်မိ၊ ပိုမိုသတင်း ဖလှယ်နိုင်ကြမှာလည်း ဖြစ်ပါသေး တယ်။ ဒီအခါမှာ ဒီလိုလူမှု မီဒီယာ ပလက်ဖောင်းတွေကတဆင့် ဗဟုသုတတွေ၊ အကောင်းဆုံးသော ကျင့်သုံးလုပ်ဆောင် မှုတွေကိုလည်း မျှဝေ ရယူနိုင်ကြမှာ ဖြစ်ပါတယ်။ စုပေါင်းတွက်ဆတဲ့ ဒေတာတွေကြောင့် ဈေးကွက်ပေါက်ဈေးကိုလည်း အချိန်နဲ့ တပြေးညီ သိနိုင်ပါမယ်။ အဲဒါအပြင် ပိုလို့တီထွင်ဆန်းသစ်မှုရှိတဲ့ ဘိဇနက်မိုဒယ် (စီးပွားရေးပုံစံ) တွေလည်း ထပ်မံ ဖြစ်ထွန်းတိုးတက်လာနိုင်ပါသေးတယ်။ ဒီလို အနာဂတ်ဖြစ်ပေါ်တိုးတက်မှုတွေမှာ မြန်မာနိုင်ငံနဲ့ မြန်မာ လယ်သမားတွေ ဘယ်လိုအခန်းနေရာမှာ ရှိမှာပါလဲ။

ဒေါက်တာ ဆူတူပါကတော့ သူ့ထိုင်းနိုင်ငံကိုလည်း ဒီလို ပြန်မေးခွန်း ထုတ်ထားပါတယ်။ သူမြင်တာကတော့ အဓိကကျ တဲ့ အချက်က လုပ်ငန်းကဏ္ဍတွေမှာ တီထွင်ဖန်တီးမှုကို အားပေးတဲ့ ဂေဟစနစ် (innovation ecosystem) ကို အားပေးမှသာ အောင်မြင်မယ်လို့ ဆိုပါတယ်။ အခုဖြစ်နေတာက ကျေးလက်က အလုပ်လိုချင်သူ၊ အိပ်မက်တွေနဲ့ တက်ကြွနေသူ  လူငယ် တွေက မြို့ပေါ်ကို ပြောင်းရွှေ့တက်လာ၊ မြို့ပြဖြစ်ထွန်းမှုက ကြီးကြီးလာနေတဲ့ အနေအထားပါ။ လယ်ယာကဏ္ဍကို တခေတ် ပြောင်းချင်တယ်ဆိုရင်၊ ခေတ်မီအောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုရင် တကယ့်ထူးချွန်ထက်မြက်တဲ့ အင်အားစု တွေ လိုအပ်ပါတယ်။ ဒါပေမယ့် လူအများစုက လယ်ယာကဏ္ဍကို အကျိုးဖြစ်ထွန်းနိုင်တဲ့ ကဏ္ဍ၊ ဆွဲဆောင်မှုရှိတဲ့ စီးပွား လုပ်ငန်းတခုအဖြစ် မမြင်ကြပါဘူး။

အခုလိုအပ်နေတာက စွန့်ဦးတီထွင် စိတ်ရှိတဲ့ မျိုးဆက်သစ်တွေက သူတို့ မိသားစုပိုင် လယ်ယာတွေကို ပြန်သွားပြီး၊ ပုံစံ သစ်တမျိုးနဲ့ ပြန်စတင်ကြဖို့ပါ။ ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၄-နှစ်တာကာလမှာ စိုက်ပျိုးရေးနဲ့ စိုက်ပျိုး သမဝါယမ ဝန်ကြီး ဌာနက လူငယ်စမတ် လယ်သမား ၇၀၀၀ ကျော်ကို ပျိုးထောင် လေ့ကျင့်ထားခဲ့ပါတယ်။ အခုနှစ်မှာ နောက်ထပ် စမတ် လယ်သမားလူငယ် ၆၀၀၀ ကို ထပ်မွေးထုတ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး ကြိုးပမ်းဆောင်ရွက်မှုတွေ အထူး လိုအပ်နေပါတယ်။ ဒါမှသာပဲ ပြောင်းလဲနေတဲ့ အခြေအနေသစ်မှာ ထူးချွန်တဲ့ အင်အားစုတွေ လယ်ယာကဏ္ဍ လုပ် ငန်းခွင်ထဲ ပြန်ဝင်လာကြမှာ ဖြစ်ပါတယ်။ အခုလို မျိုးဆက်သစ်တွေက ကွန်ရက်ချိတ်ဆက်မှုနဲ့ ရောင်းချမှု၊ နည်းပညာ တီထွင်ဆန်းသစ်မှု၊ ကြော်ငြာစသည်ဖြင့် လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။ မကြာသေးမီကပဲ ထိုင်းစွန့်ဦးတီထွင် လုပ်ငန်း ရှင်တဦးက Ricult လို့ခေါ်တဲ့ ကုမ္ပဏီကို တည်ထောင်ပြီး၊ ဂြိုဟ်တု ပုံရိပ်တွေကို အသုံးပြုကာ လယ်သမားတွေ ဘယ်လို ရာသီ သီးနှံမျိုးစိုက်ပျိုးသင့်တယ်ဆိုတာ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

သေချာတာကတော့ စိုက်ပျိုးရေးကဏ္ဍ တခေတ်ဆန်းရေးမှာ အစိုးရကဏ္ဍရဲ့ သံန္နိဌာန်ပိုင်းဖြတ် ကူညီမှု၊ အားပေးမှု၊ ရင်းနှီး မြှုပ်နှံမှုတွေက အများကြီး လိုအပ်ပါတယ်။ အထူးသဖြင့် ထိပ်ပိုင်းခေါင်းဆောင်တွေက ရေရှည် အမြော်မြင်ရှိမှု နဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှု လိုအပ်ပါတယ်။ လယ်ယာကဏ္ဍ တခေတ်ဆန်း ပြုပြင်ပြောင်းလဲရေးဟာ ငွေကုန်ကြေးကျ ကြီးမားမှာ အသေအချာပါပဲ။ ဒါကြောင့် အပေးအယူပြုရမှုတွေလည်း ရှိလာပါမယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာမှာ သက် သေ အထောက်အထားတွေနဲ့ ဒေတာ သတင်းအချက်အလက်တွေလည်း ပိုလို့ လိုအပ်ပါမယ်။

နောက်တချက်ကတော့ အစိုးရဖက်က လုပ်ဆောင်ရမယ့်ကိစ္စကတော့ ဒေတာအခြေပြု အသုံးချနိုင်မယ့် ဝန်းကျင်ပါ။ (data-driven environment)၊ ဗဟိုက ချုပ်ကိုင်ထားတဲ့ စိုက်ပျိုးရေး ဒေတာ အချက်အလက်တွေရှိမှသာ နောက်ပိုင်း AI နည်းပညာနဲ့ ဆက်လက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ရာသီနဲ့ သီးနှံများ၊ ပိုးမွှား ပြဿနာ၊ မြေဆီလွှာ အခြေအနေများ၊ ရာသီဥတု ခန့်မှန်းမှု၊ သီးနှံအမျိုးအစားများနဲ့ ဒေသခံ ပြည်သူတွေက ကိုင်တွယ်ဖြေရှင်းကြပုံ ဗဟုသုတတွေကို စုဆောင်း ထားမှသာ နောက်ပိုင်း စုဆောင်းမိတဲ့ ဒေတာ အချက်အလက်များ ဖြစ်လာပါမယ်။ ဒီလို ဒေတာအချက်အလက်တွေကို ဒေသခံ လယ်သမားတွေ ဈေးချိုစွာ အသုံးပြုနိုင်ရေးက နောက်ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။ နည်းပညာ ကြောင့် လယ်ယာကဏ္ဍ တခေတ်ဆန်းနိုင်ပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုပြဿနာကြီးကတော့ အခု ကျနော်တို့ ဘာတွေကို ဦးစားပေးနေကြသလဲ နဲ့ နည်းပညာတွေကို ထုံကူးဖို့ ကျနော်တို့ အဆင်သင့်ဖြစ်ပါရဲ့လား ဆိုတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။
Aung Thu Nyeen

အကိုးအကား
1. http://www.fao.org/myanmar/fao-in-myanmar/myanmar/en/
2. Amornvivat, Sutapa. "Putting the 'AI' in Thai agriculture", The Bangkok Post, 18 July 2018.