နှစ်စဉ်နှစ်တိုင်း ကမ္ဘာမြေကြီးမှာ သစ်တော ဆယ့်ရှစ်သန်းဧက ဆုံးရှုံးလျက်ရှိပြီး ဒါဟာ Panama ပြည်နယ်အကျယ်အဝန်းနဲ့ ညီမျှပါတယ်။ သဘာဝပတ်ဝန်းကျင်ရဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေဟာ လူသားတွေကိုသာမက မရေတွက်နိုင်တဲ့ တိရိစ္ဆာန်မျိုးစိတ်တွေကိုပါ သက်ရောက်စေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ခေတ် လူသားတွေရဲ့တာဝန်က ကမ္ဘာကြီးပျက်စီးလာမှုကို ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ ရပ်တန့်ပစ်ဖို့ လိုအပ်နေတာပါ။ ဘရာဇီးလူမျိုး စုံတွဲတစ်တွဲဖြစ်တဲ့ Sebastiao နဲ့ Lelia Salgado တို့က သစ်တောပြုန်းတီးခြင်းကို ဘယ်သူမဆို ပြုပြင်ထိန်းသိမ်းနိုင်ကြောင်း သက်သေပြခဲ့ကြပါတယ်။
1994 ခုနှစ်မှာ ဘရာဇီး ဓာတ်ပုံသတင်းထောက် Sebastiao Salgado ဟာ အရှေ့အာဖရိကကနေ အိမ်ပြန်လာခဲ့ပြီး ဝမ်းနည်းစိတ်ညစ်စရာကောင်းတဲ့ မှတ်တမ်းတစ်ခုကို မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီစိတ်ထိခိုက်စရာ အတွေ့အကြုံတွေပြီးနောက်မှာတော့ ဘရာဇီးလ်ရှိ Minas Gerais ဧရိယာမှာရှိတဲ့ စိမ်းလန်းစိုပြေတဲ့ သစ်တောမှာ ငြိမ်းချမ်းမှုကို ရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် နှစ်အနည်းငယ်အတွင်းမှာပဲ သစ်တောတွေဟာ ပျက်စီးပြုန်းတီးလာပြီး ခြောက်သွေ့တဲ့ မြစ်တွေနဲ့ တောရိုင်းတိရိစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင်မရှိပဲ ဖုန်ထူပျက်စီးနေတဲ့ ရှုခင်းတွေအဖြစ် ပြောင်းလဲသွားတာကို တွေ့ခဲ့ရပါတယ်။
အဲဒီအချိန်မှာ သူ့ဇနီး Lelia ကမဖြစ်နိုင်ဘူးထင်တဲ့ အရာတစ်ခုကို ပြောဆိုလာခဲ့ပါတယ်။ သူတို့တွေသာ အားစိုက်ပြီးပြုပြင်မယ်ဆိုရင် အရင်ကအတိုင်းပဲ ပြန်လည်ဖြစ်လာနိုင်ကြောင်းကို ပြောခဲ့ပါတယ်။ Sebastiao ကလည်း သူမရဲ့အကြံကို ထောက်ခံခဲ့ပြီး အပင်တွေကိုပြန်စိုက်ဖို့ကို ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ အလုပ်ကိုလုပ်ဖို့ လူနှစ်ယောက်တည်းနဲ့ မလုံလောက်ဘူးဆိုတာကို သိခဲ့ကြပြီး သူတို့ဟာ စွန့်ပစ်ထားတဲ့ သစ်တောမြေ ၁၅၅ ဧကကျယ်ဝန်းတဲ့ နေရာကို ပြန်လည်ထိန်းသိမ်းဖို့ လူ ၂၄ ယောက်ကိုငှားကာ နေ့ရောညပါ အပင်တွေစိုက်ပျိုးခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ Sebastiao ဟာ ဒီစီမံကိန်းကို ထောက်ပံ့ဖို့ စေတနာ့ဝန်ထမ်းတွေနဲ့ ပါတနာတွေ ရှာဖွေခဲ့ပါတယ်။ 1998 ကနေစပြီး ဒီစုံတွဲဟာ သစ်ပင်မျိုးစိတ် ၁၉၃ မျိုးရဲ့ ပျိုးပင် လေးသန်းကျော်ကို စိုက်ပျိုးပြီး အပူပိုင်းသစ်တော ၁၅၀၂ ဧကကို ပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။
ဒီသစ်တောကြောင့်ပဲ ဂေဟစနစ်တစ်ခုလုံးဟာ ပြန်လည်လည်ပတ်နိုင်ခဲ့ပြီး တိရိစ္ဆာန်မျိုးစိတ်တွေဟာလည်း သူတို့ရဲ့နေရာကို ပြန်လည်ရောက်ရှိလာကြပါတယ်။ ဒီစုံတွဲက သေးငယ်တဲ့ခြေလှမ်းကနေ ကြီးမားတဲ့အောင်မြင်မှု ရနိုင်ကြောင်းကို ပြခဲ့ပြီး လူသားတွေဟာ ကိုယ့်ရဲ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ကမ္ဘာကြီးကို ကာကွယ်နိုင်ကြောင်း ပြသသွားခဲ့တာပဲ ဖြစ်ပါတယ်။
SHWEMOM
photo from Sebastião Salgado / facebook,treecointxc's instagram