Saturday, July 21, 2018

            
           စိုက်ပျိုးရေး 4.0 နဲ့ ပြည်သူ့ရေးရာ မူဝါဒ
အောင်သူငြိမ်း
The Voice Weekly Journal ခုအပတ်မှာ ဖော်ပြထားပါတယ်။
========================

ကျနော်က စက်မှုတော်လှန်ရေး 4.0 အကြောင်းတွေ ရေးနေတော့ ဆက်စပ်ဖတ်မိရင်း၊ စိုက်ပျိုးရေးကဏ္ဍမှာလည်း ခေတ် သစ်နည်းပညာ ပါဝင်ပတ်သက်လာပုံကို သတိပြုမိလာပါတယ်။ ဒါကို အချို့သော ပညာရှင်တွေက စိုက်ပျိုးရေး 4.0 (Agriculture 4.0) လို့ ခေါ်ဆိုလာကြပါတယ်။ မြန်မာနိုင်ငံအတွက်တော့ ဒီကိစ္စဟာ ခြိမ်းခြောက်မှုကြီးတခု ဖြစ်လာမလား၊ ဒါမှမဟုတ် အားသာချက်တခု ဖြစ်လာမလား တွက်ဆကြည့်ဖို့တော့ ကောင်းပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ရဲ့ ဖော်ပြချက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး စုစုပေါင်း (GDP) ရဲ့ ၃၇.၈% ကို လယ်ယာ စိုက်ပျိုးရေးကဏ္ဍက ဖြည့်ဆည်းပေးပါတယ်။ မြန်မာနိုင်ငံ ပြည်ပပို့ကုန်ဝင်ငွေရဲ့ ၂၅ ကနေ ၃၀% လောက်ကို စိုက်ပျိုးရေး ကဏ္ဍက ရရှိပါတယ်။ ဒါပေမယ့် လယ်ယာကဏ္ဍကို မှီခိုအသက်မွေးနေကြရသူတွေက များပါတယ်။ ၇၀% သော လုပ်သား အင်အားစုတွေက ဒီကဏ္ဍကို မှီခိုနေကြရပါတယ်။

တလောက ဘန်ကောက်မှာ Singularity University လို့ခေါ်တဲ့ အဖွဲ့အစည်းက ညီလာခံတခုလုပ်ပြီး၊ ရှေ့ဖြစ်နိုင်မယ့် အလားအလာတွေကို ပညာရှင်တွေက စုစည်းဆွေးနွေးခဲ့ကြပါတယ်။ Singularity U (https://su.org/) လို့ ခေါ်တဲ့ အဖွဲ့အစည်းကတော့ အနာဂတ်ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေကို ပြင်ဆင်ပေးဖို့ သင်တန်းတွေပို့ချပေးနေတဲ့ အဖွဲ့အစည်းကြီးတခုပါ။ ဒီအစည်းအဝေးကို တက်ရောက်ပြီး၊ သူကိုယ်တိုင်လည်း ဟောပြောသူတယောက်ဖြစ်တဲ့ ဆာတုပါ အမွန်ဝိဝတ် (Satupa Amornwiwat) က ဘန်ကောက်ပို့စ် သတင်းစာမှာ ပြန်ရေးထားတဲ့ ဆောင်းပါးတပုဒ်ကို စိတ်ဝင်စား ဖွယ် ဖတ်ရပါတယ်။ ဒီအမျိုးသမီးကတော့ ထိုင်းနိုင်ငံက ဘဏ်ကြီးတခုဖြစ်တဲ့ ဆီယမ် ကော်မာရှယ်ဘဏ်ရဲ့ လက်ခွဲကုမ္ပဏီ တခုဖြစ်တဲ့ SCB Abacus က အမှုဆောင်အရာရှိချုပ် ဖြစ်ပါတယ်။ သူတို့ကုမ္ပဏီက လူဖန်တီးအသိဉာဏ်တု (AI) နည်း ပညာသုံးပြီး သုံးသပ်စိစစ်မှုလုပ်ဆောင်ပေးတဲ့ ဌာနမျိုး ဖြစ်ပါတယ်။

သူက AI နည်းပညာကြောင့် ဖြစ်ပေါ်လာမယ့် 'စမတ်စိုက်ပျိုးရေး' အကြောင်းရေးပါတယ်။ လယ်ယာကဏ္ဍမှာ ရိုဘော့ စက်ရုပ်လုပ်သားတွေရယ်၊ ဒရုန်းပျံသန်းပြီး ကြီးကြပ်မယ့်စနစ်တွေ ဖြစ်လာမယ့်အကြောင်းကို ဖော်ပြပါတယ်။ AI နည်း ပညာကြောင့် စိုက်ပျိုးရေးကဏ္ဍကို ဘယ်လိုပြောင်းလဲသွားနိုင်ပါသလဲ။ ပိုလို့ အရေးကြီးတာက ဒီလို နည်းပညာတိုးတက် ပြောင်းလဲမှုတွေကြောင့် ကျနော်တို့နိုင်ငံနဲ့ လယ်သမားထုအပေါ် ဘယ်လိုသက်ရောက် ထိခိုက်ပြောင်းလဲနိုင်သလဲဆိုတာ ကြိုစဉ်းစားဖို့ လိုအပ်လာပါတယ်။ ထိုင်းနိုင်ငံ စီးပွားရေးစနစ်နဲ့ ကျနော်တို့ မြန်မာနိုင်ငံ တည်ဆောက်ထားပုံချင်းက အတော် ကွာခြားနေပါပြီ။ ထိုင်းနိုင်ငံမှာ စိုက်ပျိုးရေးကဏ္ဍက ဂျီဒီပီရဲ့ ၁၀% လောက်ပဲ ရှိပါတော့တယ်။ ဒါ့အပြင် ဂျီဒီပီ ပါဝင်မှုကျ ဆင်းလာနေတဲ့ အလားအလာလည်း ရှိနေပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ လုပ်သား ၄၀% လောက်က လယ်ယာကဏ္ဍ မှာ လုပ်ဆောင်နေကြတုန်း ရှိပါတယ်။ နည်းပညာတိုးတက်တယ် ဆိုပေမယ့် ထိုင်းလယ်သမားတွေက စက်မှုလယ်ယာ သုံးတာ၊ ရေပေးသွင်းမှုမှာ အဆင့်မြင့်စနစ်တွေ သုံးတာ၊ အဆင့်မြင့်နည်းပညာအပေါ် ရင်းနှီးမြှုပ်နှံမှုပြုတာ နည်းနေတုန်းပဲ လို့ ဆိုပါတယ်။ 

လယ်ယာကဏ္ဍမှာ နည်းပညာပြောင်းလဲ တိုးတက်လာမှုကြောင့် အကောင်းဖက်က ရှုမြင်နိုင်တယ်လို့လည်း ဒေါက်တာ ဆာတုပါက ဆိုပါတယ်။ နည်းပညာ ထည့်သွင်းလာမှုကြောင့် ကုန်ကျစားရိတ် သိသိသာသာ ကျဆင်းသွားပြီး၊ ထုတ်လုပ် နိုင်စွမ်းက အဆမတန်မြင့်မားလာနိုင်ပါတယ်။ AI နည်းပညာကြောင့် လယ်ယာကဏ္ဍ တခေတ်ဆန်း ဖြစ်လာနိုင်ပါတယ်။ ယခင်တချိန်တုန်းက တဆင့်ပြီးတဆင့် (Linear) ပြောင်းလဲခဲ့တဲ့ စက်မှုလယ်ယာသဘောနဲ့တောင် မတူနိုင်တော့ပါဘူး။  AI နည်းပညာကြောင့် ပိုမိုတိကျတဲ့ စိုက်ပျိုးထုတ်လုပ်မှု (precise farming) ဖြစ်လာပါလိမ့်မယ်။ အဆမတန် ထုတ်လုပ်နိုင် စွမ်း နဲ့ စီးပွားဖြစ် ထုတ်လုပ်နိုင်စွမ်းလည်း ဖြစ်ပေါ်လာပါလိမ့်မယ်။

ပထမအချက်ကတော့ စိုက်ပျိုးထုတ်လုပ်မှုမှာ နည်းပညာကြောင့် ထိရောက်မှုကို တိုးတက်စေမှာပါ။ AI နည်းပညာကြောင့် ပိုမိုများပြားတဲ့ ဒေတာ သတင်းအချက်အလက်တွေကို စီမံခန့်ခွဲနိုင်ပြီး၊ လုပ်အား အသုံးပြုရမှုလည်း လျှော့နည်းစေပါလိမ့် မယ်။ AI နည်းပညာနဲ့အတူ အရာရာချိတ်ဆက်ထားတဲ့ အင်တာနက် (IoT) နည်းပညာကြောင့် လယ်ယာကဏ္ဍမှာ ရိုဘော့ စက်ရုပ်တွေကိုလည်း အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍသုံး ဒရုန်းယာဉ်ပျံတွေကြောင့် ဝေဟင်က ပျံဝဲရင်း ပိုမိုထိရောက်တဲ့ ဒေတာတွေကို ကောက်ယူစုဆောင်း နိုင်ပါလိမ့်မယ်။ အဲဒါကို ဆော့ဝဲယားတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပိုမို ထုတ်လုပ်နိုင်စွမ်းအတွက် သုံးသပ်စစ်ဆေးမှုတွေကို စက်တွေက လုပ်နိုင်ပါတယ်။ အလားတူပဲ မွေးမြူရေးကဏ္ဍမှာ လည်း AI နည်းပညာကို အသုံးချလာနိုင်ပါတယ်။ "Cow Fitbits" လို့ ခေါ်တဲ့ AI နည်းပညာကြောင့် လယ်သမားတွေက မွေးထားတဲ့ တိရိစ္ဆာန်တွေရဲ့ အမူအကျင့်တွေကို စောင့်ကြည့်သိရှိနိုင်ပြီး၊ သူတို့ ကျန်းမာဖွံ့ဖြိုးရေးကို ပိုစောင့်ရှောက်နိုင်ပါ လိမ့်မယ်။

ခုလို ပိုမိုထိရောက်တဲ့ ထုတ်လုပ်မှုအပြင်၊ AI နည်းပညာစနစ်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ကျရောက်တတ်တဲ့ အန္တရာယ်တွေကိုလည်း ကြိုတင်သတိပေး ကာကွယ်နိုင်ပါလိမ့်မယ်။ နည်းပညာ အများစုက တိကျတဲ့ လယ်ယာကဏ္ဍ
အဖြေများ (precision farming solutions) ကို ထုတ်ပေးနိုင်ပြီ ဖြစ်ပြီး၊ ပိုးမွှားနဲ့ ရောဂါတွေအတွက်လည်း ကြိုတင် တွက် ဆပေးတာတွေ လုပ်နိုင်နေပြီ ဖြစ်ပါတယ်။ အစပျိုးလုပ်ငန်းတခုဖြစ်တဲ့ (Blue River Technology) နည်းပညာအရ ဒရုန်း ကို သုံးပြီး လယ်သမားတွေက ပေါင်းမြက်တွေကို သိနိုင်ပါတယ်။ ဘယ်အပင်တွေက စိုက်ပင်ဟုတ်တယ်-မဟုတ်ဘူးဆို တာ သိနိုင်ပါတယ်။ အဲဒါအပြင် လယ်သမားတွေက AI နဲ့ Big data (ဘစ်ဒေတာ) နည်းပညာကို သုံးပြီး၊ တွက်ချက်ကာ လယ်ယာကဏ္ဍ အာမခံ ဝယ်ထားတာမျိုးလည်း လုပ်နိုင်ပါသေးတယ်။ အကယ်၍ ထင်မှတ်မထားတာ တခုခု ဖြစ်လာခဲ့ရင် ငွေကြေးဆုံးရှုံးရမှုက ကာကွယ်ပေးနိုင်ဖို့ပါ။ နောက်ဆုံးအနေနဲ့ တွင်ကျယ်နေပြီဖြစ်တဲ့ အင်တာနက်နဲ့ လူမှုမီဒီယာ တွေ ကြောင့် ကမ္ဘာတစ်ဝန်းက လူမှုအသိုက်အဝန်းတွေက ပိုမိုချိတ်ဆက်မိ၊ ပိုမိုသတင်း ဖလှယ်နိုင်ကြမှာလည်း ဖြစ်ပါသေး တယ်။ ဒီအခါမှာ ဒီလိုလူမှု မီဒီယာ ပလက်ဖောင်းတွေကတဆင့် ဗဟုသုတတွေ၊ အကောင်းဆုံးသော ကျင့်သုံးလုပ်ဆောင် မှုတွေကိုလည်း မျှဝေ ရယူနိုင်ကြမှာ ဖြစ်ပါတယ်။ စုပေါင်းတွက်ဆတဲ့ ဒေတာတွေကြောင့် ဈေးကွက်ပေါက်ဈေးကိုလည်း အချိန်နဲ့ တပြေးညီ သိနိုင်ပါမယ်။ အဲဒါအပြင် ပိုလို့တီထွင်ဆန်းသစ်မှုရှိတဲ့ ဘိဇနက်မိုဒယ် (စီးပွားရေးပုံစံ) တွေလည်း ထပ်မံ ဖြစ်ထွန်းတိုးတက်လာနိုင်ပါသေးတယ်။ ဒီလို အနာဂတ်ဖြစ်ပေါ်တိုးတက်မှုတွေမှာ မြန်မာနိုင်ငံနဲ့ မြန်မာ လယ်သမားတွေ ဘယ်လိုအခန်းနေရာမှာ ရှိမှာပါလဲ။

ဒေါက်တာ ဆူတူပါကတော့ သူ့ထိုင်းနိုင်ငံကိုလည်း ဒီလို ပြန်မေးခွန်း ထုတ်ထားပါတယ်။ သူမြင်တာကတော့ အဓိကကျ တဲ့ အချက်က လုပ်ငန်းကဏ္ဍတွေမှာ တီထွင်ဖန်တီးမှုကို အားပေးတဲ့ ဂေဟစနစ် (innovation ecosystem) ကို အားပေးမှသာ အောင်မြင်မယ်လို့ ဆိုပါတယ်။ အခုဖြစ်နေတာက ကျေးလက်က အလုပ်လိုချင်သူ၊ အိပ်မက်တွေနဲ့ တက်ကြွနေသူ  လူငယ် တွေက မြို့ပေါ်ကို ပြောင်းရွှေ့တက်လာ၊ မြို့ပြဖြစ်ထွန်းမှုက ကြီးကြီးလာနေတဲ့ အနေအထားပါ။ လယ်ယာကဏ္ဍကို တခေတ် ပြောင်းချင်တယ်ဆိုရင်၊ ခေတ်မီအောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုရင် တကယ့်ထူးချွန်ထက်မြက်တဲ့ အင်အားစု တွေ လိုအပ်ပါတယ်။ ဒါပေမယ့် လူအများစုက လယ်ယာကဏ္ဍကို အကျိုးဖြစ်ထွန်းနိုင်တဲ့ ကဏ္ဍ၊ ဆွဲဆောင်မှုရှိတဲ့ စီးပွား လုပ်ငန်းတခုအဖြစ် မမြင်ကြပါဘူး။

အခုလိုအပ်နေတာက စွန့်ဦးတီထွင် စိတ်ရှိတဲ့ မျိုးဆက်သစ်တွေက သူတို့ မိသားစုပိုင် လယ်ယာတွေကို ပြန်သွားပြီး၊ ပုံစံ သစ်တမျိုးနဲ့ ပြန်စတင်ကြဖို့ပါ။ ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၄-နှစ်တာကာလမှာ စိုက်ပျိုးရေးနဲ့ စိုက်ပျိုး သမဝါယမ ဝန်ကြီး ဌာနက လူငယ်စမတ် လယ်သမား ၇၀၀၀ ကျော်ကို ပျိုးထောင် လေ့ကျင့်ထားခဲ့ပါတယ်။ အခုနှစ်မှာ နောက်ထပ် စမတ် လယ်သမားလူငယ် ၆၀၀၀ ကို ထပ်မွေးထုတ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး ကြိုးပမ်းဆောင်ရွက်မှုတွေ အထူး လိုအပ်နေပါတယ်။ ဒါမှသာပဲ ပြောင်းလဲနေတဲ့ အခြေအနေသစ်မှာ ထူးချွန်တဲ့ အင်အားစုတွေ လယ်ယာကဏ္ဍ လုပ် ငန်းခွင်ထဲ ပြန်ဝင်လာကြမှာ ဖြစ်ပါတယ်။ အခုလို မျိုးဆက်သစ်တွေက ကွန်ရက်ချိတ်ဆက်မှုနဲ့ ရောင်းချမှု၊ နည်းပညာ တီထွင်ဆန်းသစ်မှု၊ ကြော်ငြာစသည်ဖြင့် လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။ မကြာသေးမီကပဲ ထိုင်းစွန့်ဦးတီထွင် လုပ်ငန်း ရှင်တဦးက Ricult လို့ခေါ်တဲ့ ကုမ္ပဏီကို တည်ထောင်ပြီး၊ ဂြိုဟ်တု ပုံရိပ်တွေကို အသုံးပြုကာ လယ်သမားတွေ ဘယ်လို ရာသီ သီးနှံမျိုးစိုက်ပျိုးသင့်တယ်ဆိုတာ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

သေချာတာကတော့ စိုက်ပျိုးရေးကဏ္ဍ တခေတ်ဆန်းရေးမှာ အစိုးရကဏ္ဍရဲ့ သံန္နိဌာန်ပိုင်းဖြတ် ကူညီမှု၊ အားပေးမှု၊ ရင်းနှီး မြှုပ်နှံမှုတွေက အများကြီး လိုအပ်ပါတယ်။ အထူးသဖြင့် ထိပ်ပိုင်းခေါင်းဆောင်တွေက ရေရှည် အမြော်မြင်ရှိမှု နဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှု လိုအပ်ပါတယ်။ လယ်ယာကဏ္ဍ တခေတ်ဆန်း ပြုပြင်ပြောင်းလဲရေးဟာ ငွေကုန်ကြေးကျ ကြီးမားမှာ အသေအချာပါပဲ။ ဒါကြောင့် အပေးအယူပြုရမှုတွေလည်း ရှိလာပါမယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာမှာ သက် သေ အထောက်အထားတွေနဲ့ ဒေတာ သတင်းအချက်အလက်တွေလည်း ပိုလို့ လိုအပ်ပါမယ်။

နောက်တချက်ကတော့ အစိုးရဖက်က လုပ်ဆောင်ရမယ့်ကိစ္စကတော့ ဒေတာအခြေပြု အသုံးချနိုင်မယ့် ဝန်းကျင်ပါ။ (data-driven environment)၊ ဗဟိုက ချုပ်ကိုင်ထားတဲ့ စိုက်ပျိုးရေး ဒေတာ အချက်အလက်တွေရှိမှသာ နောက်ပိုင်း AI နည်းပညာနဲ့ ဆက်လက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ရာသီနဲ့ သီးနှံများ၊ ပိုးမွှား ပြဿနာ၊ မြေဆီလွှာ အခြေအနေများ၊ ရာသီဥတု ခန့်မှန်းမှု၊ သီးနှံအမျိုးအစားများနဲ့ ဒေသခံ ပြည်သူတွေက ကိုင်တွယ်ဖြေရှင်းကြပုံ ဗဟုသုတတွေကို စုဆောင်း ထားမှသာ နောက်ပိုင်း စုဆောင်းမိတဲ့ ဒေတာ အချက်အလက်များ ဖြစ်လာပါမယ်။ ဒီလို ဒေတာအချက်အလက်တွေကို ဒေသခံ လယ်သမားတွေ ဈေးချိုစွာ အသုံးပြုနိုင်ရေးက နောက်ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။ နည်းပညာ ကြောင့် လယ်ယာကဏ္ဍ တခေတ်ဆန်းနိုင်ပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုပြဿနာကြီးကတော့ အခု ကျနော်တို့ ဘာတွေကို ဦးစားပေးနေကြသလဲ နဲ့ နည်းပညာတွေကို ထုံကူးဖို့ ကျနော်တို့ အဆင်သင့်ဖြစ်ပါရဲ့လား ဆိုတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။
Aung Thu Nyeen

အကိုးအကား
1. http://www.fao.org/myanmar/fao-in-myanmar/myanmar/en/
2. Amornvivat, Sutapa. "Putting the 'AI' in Thai agriculture", The Bangkok Post, 18 July 2018.

Sunday, April 8, 2018

လွှစာဘိုကာရှီပြုလုပ်နည်း

လိုအပ်မည့်ပစ္စည်း - အိမ်ထောင်စု (၁၀ဝ) အတွက်ခန့်မှန်းတွက်ချက်ထားပါသည်။
           
အမှိုက်ပုံးပြုလုပ်ခြင်း
အထက်အဝ အချင်း (၁၂) လက်မ၊ အောက်ခြေအချင်း (၁၀) လက်မ (၇ ဂါလံဆန့်) ရှိသော လက်ဆွဲ ကိုင်းပါ ပလတ်စတစ်ရေပုံးငယ်၊ အောက်ခြေမှ (၁) လက်မအမြင့်တွင် ပလပ်စတစ် ရေပိုက်ခေါင်းကို တပ်ဆင်ပြီး ပုံး၏ အတွင်းပိုင်းအောက်ခြေတွင် (၁၀) လက်မအချင်းရှိ ပလပ်စတစ်ဇကာခုံးကို မှောက်၍ ထည့်ပေးပါ။

လွှစာဘိုကာရှီ ပြုလုပ်ခြင်း
ဆန်ဖွဲနု၊ လွှစာနှင့် ကြက်ချေးတို့ကို (၆: ၃: ၁) ထည့်ရောပါ။ သို့မဟုတ် ဆန်ဖွဲနု (၂၄) ပိဿာ၊ လွှစာ (၁၂) ပိဿာ နှင့် ကြက်ချေး (၄) ပိဿာတို့ကို သမအောင်ရောစပ်ပါ။ တင်လဲရည်ဖြင့် ဖောက်ထားသော အီးအမ်ဖျော်ရည်အား (၁: ၁၀ဝ) အချိုးရေဖြင့် ထပ်ရောပါ။ ထိုသို့မဟုတ်ပါက တင်လဲရည်ဖြင့် ဖောက်ထားသော အီးအမ်ဖျော်ရည် (၅၀ဝ) စီစီအား ရေ (၁၀) ဂါလံနှင့်ရောစပ်၍ ရောထားသော ကုန်ကြမ်းများအပေါ်မှ အနည်းငယ်စီဖျန်းပေးပြီး သမအောင်ထပ်မွှေပေးပါ။ ကုန်ကြမ်းများကို လက်ဖြင့် အားယူဆုပ်ကြည့်လျှင် လက်ချောင်းများကြားမှ ရေစိမ့်ထွက်လျှင် အစိုဓါတ် အနေတော်ဖြစ်ပါသည်။ အစိုဓါတ်အနေတော်ထိ အီးအမ်ဖျော်ရည်ဖျန်းပေးပါက ပလပ်စတစ်တစ်ထပ်ခံထားသော ပီနန်အိတ်တွင်ထည့်၍ လေလုံအောင်စီးပြီး အရိပ်အောက်တွင် တစ်ပတ်ကြာထားပါ။ တစ်ပတ်အချဉ်ဖောက်ထားစဉ် ရာသီဥတုအေးပါက ပလပ်စတစ်အစဖြင့် ထပ်မံအုပ်ထားပေးပါ။ တစ်ပတ်ပြည့်၍ အိတ်ကိုဖွင့်ကြည့်ပါက မှိုအမျှင်အဖြူများ ထွက်နေလျှင် အရိပ်အောက်တွင် လေသလပ်အခြောက်ခံပြီး တစ်ကြိမ်စာ (၁၅) ကျပ်သားအထုပ်များ ထုတ်ပိုး ပါ။ အထုပ်ပေါင်း (၂၆၀) အထိရရှိနိုင်သည်။

လွှစာဘိုကာရှီ အသုံးပြုရန် နှုန်းထား
အမှိုက်ပုံး (၁) လုံးလျှင်တစ်ကြိမ် အမှိုက်ပြည့်သည်အထိ လွှစာဘိုကာရှီ (၁၅) ကျပ်သား တစ်ထုပ်နှုန်း အသုံးပြုရန်ဖြစ်သည်။ တစ်လစာအတွက် (၄) ထုပ်အသုံးပြုလျှင် လုံလောက်ပါ သည်။ ထို့ကြောင့် အိမ်ထောင်စု (၁၀ဝ) တစ်လစာအတွက် (၁၅) ကျပ်သား လွှစာဘိုကာရှီ အထုပ်ပေါင်း (၂၆၀) လိုအပ်မည်ဖြစ်ပါသည်။

လွှစာဘိုကာရှီသုံး အမှိုက်ပုံးအသုံးပြုနည်း
- အမှိုက်ပုံးကို အမှောင်ကျသောနေရာ၊ အနည်းငယ်ပူနွေးသောနေရာတွင် ထားပါ။
- မီးဖိုချောင်မှ နေ့စဉ်ထွက်ရှိသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥခွံ၊ ထမင်းဟင်း အကျန်၊ ဘုရားပန်း စသည့်အားလုံးထည့်နိုင်သည်။ (ပလပ်စတစ်ပစ္စည်း၊ ပုလင်းကွဲ၊ ပုလင်းခွံ၊ သံဘူးခွံနှင့် ပုပ်နေ ပြီဖြစ်သော ပစ္စည်းများမထည့်ရပါ)
- စွန့်ပစ်ပစ္စည်းတစ်လွှာထည့်ပြီးတိုင်း ဖိသိပ်ပေးပါ။ အပေါ်မှ လွှစာဘိုကာရှီအခြောက်မှုန့် လက် တစ်ဆုတ်စာ ဖြူးထည့်ပါ။ အမှိုက်ပုံးအဖုံးကို အမြဲပြန်ဖုံးထားပါ။ ယင်ကောင်အလာနည်း၍ အပုပ်နံ့ကင်းကြောင်း တွေ့ရပါမည်။
- စားကြွင်းစားကျန်များ ရေများလွန်းပါက ရေစစ်ပြီးမှ ပုံးထဲထည့်ပါ။
- စွန့်ပစ်ပစ္စည်းထည့်နေစဉ်နှင့် ပုံးပြည့်ပြီးနောက်ပိုင်း ပုံးအောက်ခြေရေပိုက်မှတဆင့် အရည်များ နေ့စဉ် ဖွင့်ချစုဆောင်းထားပါ။ ထိုအရည်သည် အပုပ်နံ့ကင်း၍ ချဉ်ဖတ်နံ့ထွက်ပြီး အော်ဂဲနစ် မြေဩဇာရည်အဖြစ် အသုံးပြုနိုင်ပါသည်။
- စုဆောင်းထားရှိသော အပုပ်ရည်အား ရေနှင့် (၁: ၁၀ဝ) ဆ ထပ်မံရောပြီး မိမိနှစ်သက်ရာ ပန်းပင်၊ ဟင်းသီးဟင်းရွက်ပင်၊ စားသုံးပင်များကို အရွက်ပေါ်မှဖျန်းပေးပါက ကြီးထွားနှုန်း ကောင်းစေပါသည်။
- အမှိုက်ပုံးထဲတွင် စွန့်ပစ်ပစ္စည်းများပြည့်သွားလျှင် အဖုံးလုံအောင်ဖုံးပြီး အရိပ်ထဲတွင် တစ်ပတ် ခန့် ဆက်၍ထားပါ။ ဤသို့ထားစဉ် ပုံးအောက်ခြေ ရေပိုက်ခေါင်းမှ နေ့စဉ် အပုပ်ရည်များ ဖွင့်ထုတ်စုဆောင်းထားပါ။
- ပုံးပြည့်ပြီး အရိပ်ထဲတွင် တစ်ပတ်ခန့်ထားပြီးနောက် မိမိအိမ်ဘေး (သို့) သင့်တော်သောနေရာ တွင် ကျင်းငယ် ၂ ပေ ပတ်လည်ခန့်တူး၍ ပုံးအတွင်းမှ အချဉ်ပေါက်နေသောပစ္စည်းများကို မြေကြီးအနည်းငယ် ထပ်မံရောစပ်ပြီး ကျင်းထဲထည့်ပါ။ ဖိသိပ်ပေးပါ။ အပေါ်ဆုံးမှ မြေကြီး (၄) လက်မခန့် အလွှာပြန်ဖုံးထားပါ။ တစ်လခန့်အကြာ အသင့်သုံးနိုင်သော မြေဆွေးရရှိပါသည်။
- အမှိုက်ပုံးအားရေဆေးပြီး ဆက်လက်အသုံးပြုနိုင်သည်။
ရရှိနိုင်သောအကျိုးကျေးဇူး
- မီးဖိုချောင်မှထွက်ရှိသော စားကြွင်းကင်းစားကျန်များမှ အပုပ်နံကင်းပြီး ယင်ကောင်မလာ သဖြင့် မိသားစုတစ်စုချင်းမှ ပတ်ဝန်းကျင်တစ်ခုလုံး ညစ်ညမ်းမှုမှ ကာကွယ်နိုင်ခြင်း။
- မိသားစုအတွင်း တနိုင်တပိုင်စိုက်ပျိုးထားသော ပန်းအလှပင်၊ ဟင်းသီးဟင်းရွက်အပင်များ အတွက် ဖျန်းရန်မြေဩဇာရည်နှင့် ထည့်ပေးရန်မြေဆွေး ပုံမှန်ရရှိစေနိုင်ခြင်း။

Green Way

အုန်းဆံမှုန့်မြေဆွေး ပြုလုပ်ခြင်း နည်းပညာ (Coir Pith Composting Technology)

၁။ ကုန်ကြမ်းများ စုဆောင်းခြင်း။  ။အုန်းဆံမှုန့်များးကို အမျှင်မပါပဲ စုဆောင်းရပါမည်။ အမျှင်ပါက ဇကာချ၍ ခွဲထုတ်ရပါမည်။ ၎င်းအမျှင်များ သည် မဆွေးပဲမြေဆွေး ပြုလုပ်ရာတွင် အနှောင့်အယှက် ဖြစ်စေပါသည်။


၂။ မြေဆွေးပြုလုပ်ရန်တွက်မြေနေရာရွေးချယ်ခြင်း (Site Selection for Composting)


မြေဆွေးလုပ်ရန် သီးသန့်မြေနေရာ ရွေးရမည်။ မြေညီညာသော နေရာတွင်ရွေးပြီး မြေကြောမာအောင် ပြုလုပ်ရပါမည်။ အုန်းပင်ကြား ပြုလုပ်ပါက အရိပ်ရရှိ၍ အငွေ့ပျံမှု လျော့နည်းစေပါသည်။ နွားချေးရည် ကိုလည်း အသုံးပြုရပါမည်။ အမိုးပြုလုပ်ထားခြင်းဖြင့် မိုးဒဏ်ကို ကာကွယ်ပြီး နေရောင်ခြည်ကိုလည်း ကာကွယ်ပါသည်။ အုန်းဆံမှုန့်သည် မြေဆွေးလုပ်ရန် လေလိုအပ်ခြင်းကြောင့် မြေပေါ်ပုံရပါမည်။


အုန်းဆံမှုန့်ကို (၄)ပေအလျား-(၃)ပေ အနံနှင့် အမြင့် ၃ လက်မ စုပုံရပါသည်။ ၎င်းအပေါ်တွင် နိုက်ထရိုဂျင် ကြွယ်ဝသော ပုလဲ (၅) Kg (၃ ပိဿာ) ၅လွှာအတွက် လိုပါသည်။ ကြက်ချေးအစို သုံးပါက 200 kg (၁၂၂ ပိဿာ) ၅ လွှာ အတွက် လိုအပ်ပါသည်။ ရေကို လိုအပ်သည့် အစိုဓာတ်ရအောင် ဒုတိယအဆင့်တွင် ဖြန်းပေးရပါမည်။ ပုလဲ 5 kg(၃ ပိဿာ) ကို ကြက်ချေး 200 kg(၁၂၂ ပိဿာ) ကို အုန်းဆံမှုန့် ၁ တန် အတွက် အသုံးပြုနိုင်သည်။ မြေဆွေးပုံ အမြင့်ကို ၅ပေ အမြင့်အထိ ပြုလုပ်ရပါမည်။


၃။ မြေဆွေးပုံကို အထက်အောက် လှန်ပေးခြင်း (Turning of the materials)


မြေဆွေးပုံကို ၁၀ရက် တစ်ကြိမ် အထက်အောက် လှန်ပေးရမည်။ အပုံထဲတွင် အောင်းနေသောအနံ့ဆိုးများ အောင်းနေသည့်လေများ ထွက်ရန်နှင့် ပြင်ပမှလေကောင်းလေသန့်များ ရရှိရန်ဖြစ်ပါသည်။ ၎င်း၏ အဏုဇီဝပိုးများ အလုပ်လုပ်နိုင်ရန်အတွက် အောက်ဆီဂျင် လိုအပ်ပါသည်။ အခြား နည်းလမ်းများအနေဖြင့် လေပိုက် (သို့) ဝါးလုံးပိုက်များကို ဒေါင်လိုက်၊ အလျားလိုက် စိုက်ထားခြင်းဖြင့် အောက်ဆီဂျင်ကို ရရှိနိုင် ပါသည်။


၄။ အစိုဓာတ် ထိန်းသိမ်းခြင်း(Moisture Maintenance)


အစိုဓာတ် အကောင်းဆုံး အခြေအနေ ထိန်းပါက မြေဆွေးဖြစ်ပေါ်မှု ညီညာပါမည်။ အစိုဓာတ် ၆၀% ရှိရပါမည်။ အုန်းဆန်မှုန့်ကို လက်ထဲထည့်၍ ညစ်ကြည့်ပါက ရေစီးမကျလျှင် အသင့်တော်ဆုံး အစိုဓာတ် ဖြစ်ပါသည်။


၅။ မြေဆွေးဖြစ်ပေါ်မှု (Compost Maturity)


မြေဆွေးဖြစ်ပေါ်မှုသည် အသုံးပြုသည့် ပစ္စည်းအပေါ်တွင် ကွဲပြားခြားနားမှု ရှိပါသည်။ နည်းစနစ် မှန်ကန်ပါက ရက်၆၀ ကြာလျှင် ဆွေးမြေ့ပြီး ဖြစ်ပါသည်။ မြေဆွေးပုံ ထုထည်လျော့ကျ သွားပါမည်။ ၃၀% လျော့ကျပါမည်။ အညိုရောင်မှ အနက်ရောင်ပြောင်းပြီး အုန်းဆံမှုန့်အရွယ်မှာလည်း သေးငယ်သွားပါသည်။ တတိယအချက်မှာ မြေသင်းနံ့ရရှိပါမည်။


ဓာတ်ခွဲ စမ်းသပ်ချက်အရ ကာဗွန်နိုက်ထရိုဂျင် အချိုးကျဉ်းလာပါမည်။ (C:N=20:1) အောက်ဆီဂျင်ရယူမှု နည်းသည်။ အဏုဇီဝပိုးများလျော့နည်းပြီး စားသုံးနိုင်သည့် အာဟာရဓာတ်များ ပိုလာ၍ ဓာတ်ပြောင်းလဲမှု မြန်လာပါမည်။


၆။ မြေဆွေးသိမ်းယူခြင်း (Compost Harverst)


မြေဆွေးကို ဇကာချခြင်းဖြင့် အရန်သင့် အသုံးပြုနိုင်ပါသည်။ ချက်ခြင်း အသုံးမပြုသေးပါက စုပုံပြီး အေးသောနေရာ ထားခြင်းဖြင့် အစိုဓာတ်ကို ထိန်းထားနိုင်ပါသည်။ ထိုကြောင့် အဏုဇီဝပိုးများ မသေတော့ပါ။ တစ်လ တစ်ကြိမ်ရေဖျန်း ပေးရပါမည်။


           



၇။ အုန်းဆန်မှုန့်မြေဆွေး၏ အကျိုးအာနိသင် (Benefits of Composted Coir Pith)


အုန်းဆံမှုန့်မြေဆွေးသည် မြေ၏ အနုအကြမ်းဖွဲ့စည်းပုံနှင့် ထွန်ရေးကို ကောင်းမွန်စေသည်။ ဖွယ်သည့်မြေ ကို စေးစေပြီး စေးသည့်မြေကို ဖွယ်စေသည်။ မြေ၏ ပူးပေါင်းဖွဲ့စည်းမှုကို ကောင်းစေသည်။ ရေထိန်း စွမ်းအားကို ကောင်းစေပြီး မြေ၏ အလေးချိန်ထက် (၅) ဆ ထိန်းနိုင်ပါသည်။ မြေ၏အစိုဓာတ်ကို ထိန်းနိုင် ပါသည်။


အုန်းဆန်မှုန့်မြေဆွေး သုံးခြင်းကြောင့် မြေ၏ သိပ်သည်းဆ လျော့နည်းစေပါသည်။ အုန်းဆန်မှုန့် မြေဆွေးတွင် အပင်အတွက် လိုအပ်သည့် အာဟာရများပါဝင်ပြီး ဓာတ်မြေသြဇာများနှင့် တွဲဖက် သုံးသည့်အခါ လိုအပ်သည့် အာဟာရဓာတ်များကို ဖြည့်စွက်ပေးသည်။


အုန်းဆံမှုန့်မြေဆွေး သုံးသည့်အခါ မြေထဲတွင် ဓာတ်ဖလှယ် စွမ်းအား ပိုမိုကောင်းစေပါသည်။ အုန်းဆံမြေဆွေး သုံးခြင်းကြောင့် မြေထဲရှိ အဏုဇီဝပိုးများ ပွားများစေပါသည်။ အဘယ်ကြောင့်ဆိုသော် အပင် မြေဆွေးများ သုံးခြင်းကြောင့် ဖြစ်ပါသည်။ အမိုးနီးယား ဖြစ်ပေါ်ခြင်း၊ နိုက်ထရိတ် ဖြစ်ပေါ်ခြင်းနှင့် နိုက်ထရိုဂျင် ဖမ်းယူ ထိန်းချုပ်နိုင်ခြင်းတို့သည် အဏုဇီဝပိုးများ လုပ်ဆောင်ခြင်းကြောင့် ဖြစ်ပါသည်။


၈။ အုန်းဆံမှုန့်မြေဆွေး အသုံးပြုပုံ


အုန်းဆံမှုန့်မြေဆွေးကို ၁ ဧက ၂တန် သုံးပါ။ မြေခံအဖြစ် အသုံးပြုပါ။ ပျိုးခင်းတွင် အသုံးပြုပါက အိတ် သို့ ရွှံ့အိုးထဲ မထည့်မီ မြေဆွေး ၂၀% နှင့် သဲနှင့်မြေ ရောရမည်။ သီးပင်ကြီးများအတွက် ၁ ပင်လျှင် အုန်းဆံမှုန့် မြေဆွေး တစ်ပင်အတွက် 5kg (၃ ပိဿာ) ထည့်ပေးပါ။


၉။ အုန်းဆံမှုန့်မြေဆွေး သုံးစွဲရာတွင် သက်မှတ်ချက်များ


အုန်းဆံမှုန့်မြေဆွေးကို စိုက်ကွက်ကြီးအတွက် ဝယ်၍မသုံးသင့်ပါ။ မိမိခြံထဲတွင်မြေဆွေး ပြုလုပ်သင့် ပါသည်။ အုန်းဆံမှုန့်မြေဆွေး မဝယ်မီ ၎င်းမြေဆွေးမှာ ပြီးပြည့်စုံစွာ ဆွေးမဆွေးသိရန်နှင့် အရည်အသွေးစစ်ဆေးမှုများ အာမခံချက် ရှိမရှိသိရမည်။ လုံး၀ မပြည့်စုံစွာ မဆွေးသည့် မြေဆွေးသုံးပါက ကျန်နေသည့် ပစ္စည်းများဆွေးရန်အတွက် မြေထဲမှ အာဟာရဓာတ်များကို စားသုံးရသဖြင့် သီးနှံထိခိုက်မှု ရှိပါသည်။


ကိုးကား-ဓာတုကင်းဝေး စိုက်ပျိုးရေး


Saturday, April 7, 2018

လီလီပန်းစိုက်ပျိုးနည်း


  အလွယ်တကူစိုက်ပျိုးဖြစ်ထွန်းသော်လည်း ပန်းပွင့်များပွင့်ရန် အေး၍ခြောက်သွေ့သော ရာသီဥတု လိုအပ်ပါသည်။     သမပိုင်းနှင့် အနည်းငယ်ပူသော ဒေသများတွင်  ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။  နေရောင် အပြည့်အဝရရှိမှုကို ကြိုက်နှစ်သက်သည်။  မြေကြီးအစိုဓါတ်ရှိလျှင် တနှစ်ပတ်လုံး မည်သည့် အချိန်တွင်မဆို စိုက်ပျိုးနိုင်သည်။ 

 

မျိုးကွဲများ

 မျိုးကွဲပေါင်း ၁၀၀ကျော်ရှိသည်။ လီလီပန်းများသည်  အလွယ်တကူ ဖြစ်ထွန်းလွယ်သည်။ အရောင်အားဖြင့် အဖြူ၊ အဝါ၊ ပန်းရောင်၊ အနီရောင်၊ ခရမ်းရောင်များရှိသည်။ ပန်းပွင့်များပေါ်တွင် အစက်များ(သို့) အစင်းကြောင်းများ ပါရှိသည်။ အသီးမှာ အခန်းသုံးခန်းပါသည်။ အသီးအတွင်းရှိမျိုးစေ့များသည် နွေအခါတွင်ရင့်မှည့်ပြီး အစေ့မှ အပင်ပေါက်ချိန် မတူကြပါ။

 

မျိုးရွေးချယ်ခြင်း

မြန်မာနိုင်ငံတွင် အများဆုံး စိုက်ပျိုးကြသောမျိုးမှာ အဖြူရောင်လီလီပန်း ဖြစ်ပြီး မျိုးဥဈေးသက်သာသည်။  တစ်ခိုင်ပါ ပန်းအပွင့် များသည်။ 

အပင်ခြေတွင် အဖူးအသေးလေးများ ရှိသည်။ အချို့ မျိုးများတွင် အဖူးများကို မြေမျက်နှာပြင်အပေါ်နားတွင် တွေ့ရပြီး အချို့ မြေကြီးအတွင်းတွင်သာ တွေ့ရသည်။ ပုံမှန်အားဖြင့် အပင်ခြေရှိအမြစ် များမှ ထူးခြားသောအမြစ် များက အဖူးများအဖြစ် ပြောင်းလဲကာ  အပင်အသစ်အဖြစ် ထိုးထွက်လာသည်။

 

မြေအမျိုးအစား

ရေစီးဆင်းမှုကောင်းမွန်သော pH  ၅ - ၅.၆ အောက် ရှိသည့်မြေတွင် ကောင်းစွာဖြစ်ထွန်းသည်။ စိုစွတ်မှု  ရှိရန် လိုအပ် သော်လည်း ရေဝပ်လို့မရပါ။ အရိပ်အနည်းငယ်လိုအပ်သည်။ 

 

စိုက်ပျိုးခြင်းအဆင့်ဆင့်

မျိုးစေ့များနှင့် မျိုးဥများမှ စိုက်ပျိုးနိုင်သော်လည်း မျိုးဥ များမှသာ အဓိကထား စိုက်ပျိုးကြသည်။

စိုက်ပျိုးမည့်မျိုးဥ ရွေးချယ်ခြင်း ( Seed Selection Stage Bulbs )

 မျိုးဥများကို စိုက်ပျိုးရန်အတွက် ရွေးချယ်ရာတွင် မျိုးဥအရွယ်အစားသည် အချင်း အနည်းဆုံး ၃ လက်မ ရှိရန် လိုအပ်သည်။   တူးဖော်ပြီးမျိုးဥများကို ချက်ချင်းစိုက်ပါ။  မျိုးဥများတူးဖော်ပြီးပါက အပူချိန် (၁၀ - ၁၅) ဒီဂရီစင်တီဂရိတ် ၊ တိုက်ရိုက်နေရောင်ကျရောက်မှု မရှိသောနေရာတွင် ပလပ်စတစ်အိတ်ထဲထည့်ပြီး အိတ်အဝကိုဖွင့်၍ ထားပါ။ ပလပ်စတစ်အိတ်ဖွင့်ပြီး အပူချိန် ( ၀ - ၂ ) ဒီဂရီစင်တီဂရိတ် တွင် (၂) ပတ်အချိန်ကာအထိ သိုလှောင်နိုင်ပြီး ( ၂ - ၅) ဒီဂရီစင်တီဂရိတ် တွင် တစ်ပတ်သာ သိုလှောင်နိုင်သည်။

တူးဖော်ထားသည်မှာ ကြာမြင့်သော၊ အပူချိန်မြင့်မှာ သိမ်းထားတဲ့မျိုးဥ  ၊ စနစ်တကျ သိုလှောင်ထားမှုမရှိသော မျိုးဥ များ ကို စိုက်ပျိုးခဲ့ပါက ပန်းပွင့်ရိုးတံတိုခြင်း နှင့်  ပန်းပွင်အရေအတွက်နည်းခြင်းတို့ ဖြစ်စေမည်။

ဒီဇင်ဘာ  ကဲ့သို့ အေးသောရာသီတွင် စိုက်ပျိုးပါက ၃ လက်မ အချင်းရှိသော မျိုးဥများကို စိုက်ပျိုး သင့်ပေမယ့် ဧပြီလကဲ့သို့ ပူသောရာသီမှာ စတင်စိုက်ပျိုးပါက အချင်း ၄ - ၅ လက်မ ရှိသော မျိုးဥများကို ရွေးချယ်စိုက်ပျိုးပါ။

စိုက်ပျိုးမည့် မျိုးဥများသည် ရောဂါကင်း လတ်ဆတ်ပြီး အမြစ်များ သန်မာရန် လိုအပ်သည်။ အပင် စိုက်ပျိုးမည့် စိုက်ဘောင်နှင့် စိုက်ကျင်းအနက်၊ အကွာအဝေးများကို စိုက်ပျိုးမည့် မျိုးဥ အရွယ်အစားပေါ် မူတည်ပြီး ရွေးချယ်ပါ။ အမြစ်ကောင်းမွန်စွာကြီးထွားရန်အတွက် စိုက်ပျိုးမည့်မြေသည် ရောဂါကင်းရန် လိုအပ်သည်။

မှိုသတ်ဆေး တစ်မျိုးမျိုးကို စိုက်ဘောင်ပေါ်ဖြူး၍ အပေါ်ယံမြေဖြင့် ရောမွှေပါ။မျိုးဥပုပ်ခြင်းနှင့် မြေဆောင်မှိုရောဂါ ကြိုတင်ကာကွယ်နိုင်မည်။ 

စိုက်ဘောင်များတွင် အပင်ချမစိုက်မှီ ကောင်းစွာဆွေးမြေ့သော နွားချေး ၂ တန်  နှုန်း  ထည့်ပါ။  သတိပြုရန်မှာ မျိုးဥများချမစိုက်ခင် ပြင်ဆင်ထားသောစိုက်ဘောင်ကို ၆ နာရီ ကြိုတင်ရေလောင်းထားရန်ဖြစ်သည်။

မျိုးဥများ ချမစိုက်ခင် စိုက်မည့်မြေနေရာသည် အေးနေရန်လိုအပ်သည်။  မနက်ခင်း သို့ ညနေခင်းတွင် စိုက်သင့်သည်။ 

လီလီပန်းပင်သည်   နေရောင်ကို ကြိုက်နှစ်သက်ပေမယ့်   မျိုးဥများကတော့ အေးတဲ့ရာသီဥတုကို ကြိုက်သည်။  စိုက်ကျင်းအနက်ကို ၆ လက်မထိ တူးရန်လိုအပ်သည်။ စိုက်ကျင်းနက်နက်တူးခြင်းဖြင့် မျိုးဥများကို    အပူမှ ကာကွယ် ရုံသာမက   ပန်းပင်၏ ပင်စည်များကိုလည်း ပိုသန်မာစေပါသည်။
   ပင်ကြား ၈ လက်မ အကွာထား၍ စိုက်ပျိုးပါ။ နေရောင်အပြည့်အ၀ ရရှိဖို့လိုအပ်သည်။ တပတ်အတွင်း   မိုးရေချိန်  တစ်လက်မ အောက်သာ ရွာသွန်းရင် ရေလောင်းရန်လိုအပ်သည်။ လီလီအပင်ကို  မြေကြီးစိုရွှဲတဲ့အထိ   (အပင်အောက် ၆လက်မ အနက်ထိရေရောက်အောင်) ရေလောင်းခြင်းဖြင့် လီလီအပင် ကြီးထွားဖို့အတွက် အားပေး သည်။ 
မြေဖုံးခြင်း ( Giving Phase Mulch ) 

စိုက်ပြီးပြီးချင်း နှပ်စာ သို့ စပါးခွံ သို့ ရိုးဖြတ် တခုခုဖြင့်စိုက်ဘောင်အား ဖုံးအုပ်ပါ။ အပူများခြင်း၊ ခြောက်သွေ့ခြင်းမှ ကာကွယ်နိုင်သည်။ စိုက်ပျိုးသည့်အခါ  မျိုးဥများကို အမြစ်များ ထိခိုက်မှုမရှိစေရန် အလွန် ဖိသိပ် စိုက်ပျိုးခြင်းမပြုရ။

အပူချိန်မြင့်လွန်းပါက ပန်းမျိုးဥများ ပျက်စီးနိုင်ပါသည်။ သတိပြုရန်မှာ   အပင်ခြေဖုံးရန်   အသုံးပြုသောမြေတွင် ပက်ကျိများ ကင်းစင်ရန်လိုအပ်သည်။ 

 ပေါင်းနှိမ်နင်းခြင်း

ပေါင်းသတ်ဆေးသုံးစွဲခြင်းသည် မျိုးဥ ကြီးထွားမှုကို ထိခိုက်နိုင်၍ မသုံးစွဲသင့်ပါ။ အညှောင့်ပေါက်ပြီးအပင်များ ကြားတွင် လက်ဖြင့် ကြားပေါင်းလိုက်ခြင်းကို အပင်စပေါက်လာချိန်တွင် ပြုလုပ်ပါ။

 မြေသြဇာထည့်သွင်းခြင်း( Ferlilizer Stage )

အညှောင့်ပေါက် အမြစ်စတင်ထွက်သည့်အချိန် ၊ အပင်အမြစ်များ စတင်ကြီးထွားလာချိန်တွင်  မြေသြဇာ ထည့်ရန် မလိုအပ်ပါ။  

စိုက်ပျိုးသည့်ရက်မှစ  ၃ ပတ် မြောက်၊ အမြစ်မြေတွင်စွဲသည့်အချိန်မှစ၍ ပိုတက်များသော ဓါတ်မြေသြဇာ အရည်ကို ၂ ပတ်တစ်ကြိမ် ဖြန်းပါ။

 အပင်အမြင့် တစ်ပေ ခန့်ရောက်လျှင် ယိုင်လဲမှုမရှိအောင် ပင်စည်ကို ထိန်းချည်ပေးပါ။

 

ပန်းပွင့်သောရာသီရောက်တဲ့အခါ   ပန်းဖြတ်တဲ့အချိန် ပန်းပင်စည်ရဲ့ ၃ ပုံ ၁ ပုံ ကို ချန်ပြီး ပန်းကို  ဖြတ်ပါ။ ထပ်ထွက်လာမည့်ပန်းခိုင်များကို ဆက်လက်ကြီးထွားစေသည်။ မြေကြီးထဲရှိ အဖူးများကို အဟာရဓါတ်ရောက်ရှိပြီး နောင်နှစ်တွင် ပန်းပွင့်ရန်အတွက် အထောက် အကူဖြစ်စေသည်။

ပန်းပင်ခြေတွင်  မြေကြီးမှ အမြင့် ၅ လက်မ ထိ မြေဖုံးပေးခြင်းဖြင့် ပန်းဥများကို   ပို၍ကြီးထွားစေသည်။  မိုးရွာပြီး ရေစီးဆင်းမှုညံ့သောနေရာများတွင် ယင်းကဲ့သို့ ပိုပြီးဂရုစိုက် ပြုလုပ်ပေးပါ။

 

ပန်းခူးသည့်အခါ ဆွဲနှုတ်ခြင်းမပြုရ။ 

 

ပန်းပွင့်များအားလုံး ခူးဆွတ်ပြီးချိန်တွင် ချန်ထားသောပန်းပင်၏ ပင်စည်အခြေတွင် မြေဆွေးများဖုံးခြင်းနှင့် မှန်မှန် ရေလောင်းပေးပါ။ မျိုးဥဆက်လက်ပြီး ကြီးထွားစေမည်။ 

 ကျရောက်သော ပိုး နှင့် ရောဂါများ

ပြ ( Aphids) ၊ ပင်စည်နှင့် အရွက်စားသောက်ဖျက်ဆီးသည့်ကျိုင်း (lily  beetle) အပင်ပေါက်များ ၊ အရွက် များနှင့် ပန်းပွင့်များကို စားသောက်ဖျက်ဆီးသည့် ခရု၊ ပက်ကျိ ၊ များကျရောက်တတ်ပါသည်။

 ပိုးသတ်ဆေးများသုံးစွဲ၍ ထိရောက်စွာနှိမ်နင်းနိုင်ပါသည်။

မှိုရောဂါများ အရွက်များတွင်ကျရောက်တတ်ပြီး မြေကြီးအတွင်းရှိ မျိုးဥပုပ်ခြင်းများလည်း ဖြစ်တတ်ပါသည်။ မှိုသတ်ဆေးများ မြေကြီးပေါ်သို့ ပက်ဖြန်းနိုင်ပါသည်။

 

မှတ်ချက်။   စိုက်ပျိုးသည့်နေရာဒေသအလိုက်  အေးသောကာလဖြတ်သန်းချိန်၊ နေ့ ည အပူချိန်

ကွာခြားချက်တို့သည် ပန်းပင်အမြင့် ၊ ပန်းပွင့်အရည်သွေးနှင့် အရေအတွက်ကို  

လွှမ်းမိုးပါသည်။

 

Aye Thanda Soe

3.9.2017 (Sun day)

Ref; - Easter lily Production by John Erwin,Dept of Horticultural Science,University  of  Minnesota 

      ( Nov-2002)

-About the lily flower and Plant Cultivation Method Lily right

-Growing & gardening of easter lilies – lilium longiflorum by master gardener program

- lily forcing guide by international  flower bulb center


တီစွန့်ပစ်မြေဩဇာပြုလုပ်နည်

၁။ မြေကျင်းတူး၍ ပြုလုပ်ခြင်း
၅ ပေအကျယ်၊ ၃ပေ အနက် မြေကျင်းတူး၍ ပလပ်စတစ်နှင့် အလုံကာပြီး တီကောင်မွေးမြူနိုင် သည်။ အရှည်ကို ကြိုက်နှစ်သက်သလို ထားနိုင်သည်။ မိုးရာသီတွင် ရေမဝင်စေရန် အမိုးအကာ ပြုလုပ်ထားပြီး ကျင်းနှုတ်ခမ်းကို မြှင့်ထားရမည်။

၂။ မြေပေါ်တွင်ပုံခြင်း
အမိုးအကာအောက်တွင် မြေပြင်ပေါ်၌ ပလတ်စတစ်ကန်များပြုလုပ်ပြီး တီကောင်မွေးမြူနိုင် သည်။

၃။ အုတ်ကန်နှင့် မွေးမြူခြင်း
၃ပေ အကျယ်၊ ၉ပေ အရှည်၊ ၃ပေ အမြင့်ရှိသော အုတ်ကန်များပြုလုပ်ပြီး တီကောင်မွေးမြူနိုင် သည်။ တီစွန့်ပစ်ရည်များကို အလွယ်တကူစွန့်ပစ်နိုင်ရန်အတွက် ကန်၏အောက်ခြေကို ဆင်ခြေ လျော ပြုလုပ်ပေးရမည်။ ရေကောင်းစွာ ထုတ်နိုင်ရန် အောက်ခြေတွင် ကျောက်ခဲလေးများ ၁ လက်မခွဲအထူ ဖြန့်ခင်းထားရမည်။

၄။ သစ်သားပုံများနှင့် မွေးမြူခြင်း
၂ပေ ပတ်လည်၊ ၂ပေအမြင့်ရှိသော သစ်သားပုံး (၃) လုံးအား ဆင့်ထားပြီး အောက်ခြေပုံးမှ လွဲ၍ ကျန်ပုံးများ၏ အောက်ဖက်မျက်နှာပြင်တွင် အပေါက်ဖောက်ထားသည်။ အောက်ဆုံးပုံးတွင် အစာနှင့် တီကောင်များထည့်ထားပြီး ကျန်ပုံးများတွင် အစာများသာ ထည့်ထားသည်။ အောက် ဆုံးပုံးတွင် တီစာများကုန်သွားပါက အပေါ်ပုံးများသို့ တီကောင်များတက်လာမည်။ ထိုအခါ အောက်ဆုံးပုံးအား ဖယ်ရှားပြီး တီကောင်စွန့်ပစ်မြေဩဇာများ ရယူနိုင်သည်။

၅။ ကွန်ကရစ်ခွေများ အသုံးပြု၍ မွေးမြူခြင်း
တစ်ပိုင်တစ်နိုင် မွေးမြူနိုင်သော နည်းစနစ်ဖြစ်သည်။ ကြိုက်နှစ်သက်ရာ အရွယ်အစားကို အသုံး ပြုနိုင်သည်။ အောက်ခြေတွင် တီစွန့်ပစ်ရည်ထုတ်နိုင်ရန် ရေထုတ်ပေါက် ပြုလုပ်ပေးရမည်။

၆။ ပလပ်စတစ်ကန်များဖြင့် ပြုလုပ်ခြင်း
အဝတ်လျှော်သော ပလပ်စတစ်ကန်များကို အောက်ခြေတွင် ရေပိုက်ခေါင်းတပ်ပြီး တီမွေးနိုင်ပါ သည်။ အိမ်အောက်တွင်ထားပြီး တောင်သူများ တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်သဖြင့် အလွန် အသုံးဝင်ပါသည်။

တီစွန့်ပစ်မြေဩဇာ ပြုလုပ်ရာတွင် အသုံးပြုနိုင်သောပစ္စည်းများ
လယ်ယာ စွန့်ပစ်ပစ္စည်းများ (ပြောင်းရိုး၊ ကောက်ရိုးစသည့် အပင်အကြွင်းအကျန်များ)၊ ပဲမှော်ခွံ များနှင့် ပဲပင်အကြွင်းအကျန်များ၊ သီးနှံအခွံများ (ဖရဲသီးခွံ၊ ငှက်ပျောခွံ)၊ ဟင်းသီးဟင်းရွက် အကြွင်းအကျန်များ (ဂေါ်ဖီထုပ်၊ မုန်းညင်းရွက်)၊ ပန်းမပွင့်မီ ပေါင်းပင်များ (မြက်မုန်းညင်း၊ ဝက်လာ)၊ သစ်ရွက်ခြောက်၊ ငှက်ပျောအူ၊ ဗေဒါ၊ ကြံဖတ်၊ မြက်စသည်တို့ဖြစ်သည်။

တီစွန့်ပစ်မြေဩဇာ ပြုလုပ်ခြင်း
တီစွန့်ပစ်မြေဩဇာ ပြုလုပ်ခြင်းလုပ်ငန်းသည် မြေဆွေးရရှိရန်အတွက် ရိုးစင်းသော ဇီဝနည်း ပညာဆိုင်ရာ လုပ်ငန်းစဉ်ဖြစ်ပြီး ဖြစ်စဉ်ထဲတွင် တီကောင်များအား အသုံးပြု၍ စွန့်ပစ်ပစ္စည်း များအား ပိုမိုကောင်းမွန်သော အသုံးချနိုင်သည့် နောက်ဆုံးပစ္စည်းဖြစ်သည့် မြေဆွေး ရရှိစေခြင်း ဖြစ်သည်။

တီကောင်မွေးမည့် ကန်၏အောက်ခြေတွင် သစ်ရွက်ခြောက်များကို (၄) လက်မ အထူ ခင်းပေး ရမည်။ ၎င်းအပေါ်မှ သီးနှံအကြွင်းအကျန်များ၊ စင်းထားသော ငှက်ပျောအူ၊ ဗေဒါစသော အစာ စိမ်းများကို တစ်ပေအထူရအောင် ထည့်ပေးရမည်။ ၎င်းအပေါ်မှ ကောင်းစွာ ဆွေးမြေ့နေသော နွားချေး (၃) လက်မအထူ ဖြန့်ထည့်ပေးရမည်။ ထို့နောက် တီကောင်များကို ၉ပေ x ၃ပေ ကန် တစ်ကန်လျှင် အကောင် (၁၀၀၀) ကို နွားချေးပေါ်မှ ဖြန့်၍ ထည့်ပေးရမည်။ ကန်သေးလျှင် ကန်မျက်နှာပြင် ၁ပေ ပတ်လည် အကျယ်တွင် (၃၀) ကောင်နှုန်း တွက်ထည့်ပေးပါ။ ၎င်းအပေါ်မှ သစ်ရွက်ခြောက်များကို (၄) လက်မခန့် ထည့်၍ဖြန့်ပေးပြီး အုပ်ပေးရမည်။ အစိုဓာတ် မပြတ် စေရန် နေ့စဉ်စစ်ဆေး၍ လိုအပ်ချိန်တွင် ရေလောင်းပေးရမည်။ အသုံးပြုသော သီးနှံအကြွင်း အကျန် ပစ္စည်းများပေါ်မူတည်၍ (၂) လ မှ (၄) လအကြာတွင် တီကောင်စွန့်ပစ်မြေဩဇာရရှိပြီး ပြန်လည်ရရှိသော စွန့်ပစ်မြေဩဇာအလေးချိန်၊ ပါဝင်သော အာဟာရဓာတ်များနှင့် တီကောင်ပွား များမှုတို့မှာ အသုံးပြုသော အစာပေါ်မူတည်၍ ကွာခြားသည်။

မြေဆွေး ဖယ်ထုတ်ခြင်း
တီကောင်စွန့်ပစ် မြေဩဇာထုတ်လုပ်ရန် မြေဆွေးကန်အား ရေ (၃) ရက် ဖြတ်လိုက်ရမည်။ တီကောင်များသည် ကန်အောက်ခြေရှိသော အစိုဓာတ်ရှိရာနေရာများသို့ ရောက်ရှိသွား မည်ဖြစ် သည်။ အပေါ်ယံ မြေဆွေးအား ဖယ်ထုတ်ပြီး နေရိပ်တွင် အခြောက်ခံ၍ သိုလှောင်ထားနိုင်သည်။

တီစွန့်ပစ်ရည် ထုတ်ယူသုံးစွဲခြင်း
တီကောင်စွန့်ပစ်ရည်သည် အပင်များကို လျင်မြန်စွာ ကြီးထွားစေနိုင်ပြီး ပိုးမွှားများရန်မှလည်း ကာကွယ်ပေးနိုင်သည်။ တီမွေးမြူပြီး (၃) ပတ်ခန့်ကြာမှ ထုတ်ယူသုံးစွဲပါက ပိုမိုကောင်းမွန် သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်ခွပင်များတွင် စမ်းသပ်ပက်ဖျန်းရာ အထူးဖြစ်ထွန်းသည်ကို တွေ့ရှိရပါသည်။ တီစွန့်ပစ်ရည် (၁) ဆ လျှင် ရေ (၁၀) ဆနှင့် ရော၍ ပန်းအလှပင်၊ သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် ပက်ဖျန်းနိုင်သည်။ ၁၀ ပေအရှည်၊ ၄ပေအကျယ်၊ အမြင့် ၃ပေ ရှိသော ကန်တစ်ကန်မှ တီစွန့်ပစ်အရည် တစ်လလျှင် လီတာ ၁၀၀ (၂၅ ဂါလန်) ခန့် ရရှိကြောင်း တွေ့ရှိရပါသည်။

အကယ်၍ တီစွန့်ပစ်ရည်ထုတ်သည် ထွက်ပေါက်မပါရှိပါက တီစွန့်ပစ်မြေဩဇာ စတီးဇွန်း တစ် ဇွန်း (၅၀ ဂရမ်ခန့်) ကို ရေတစ်လီတာနှင့် ရော၍ ခပ်နာနာမကြာခဏ လှုပ်ပေးပြီး တစ်ညထား ကာ တီစွန့်ပစ်ရည်အဖြစ် အသုံးပြုနိုင်ပါသည်။ တီစွန့်ပစ်ရည်တွင် စုစုပေါင်း နိုက်တြိုဂျင် (ဝ.၀၅၆%) ၊ စုစုပေါင်း ဖော့စဖိတ် (ဝ.၀၀၉%) ၊ စုစုပေါင်း ပိုတက်စီယမ် ( ဝ.၁၇၉%)နှင့် ဩဂဲနစ်ပစ္စည်း (ဝ.၄၁၅%) ပါဝင်သည်။

ဒေါက်တာ မြင့်လွင်
ဩဂဲနစ်တောင်သူလက်ဆွဲ

Thursday, April 5, 2018

ကြွေကျသော သစ်ရွက်များကို နွားချေးဝယ်သုံးရတာထက် စရိတ်ကုန်ကျမှုသက်သာစေပြီး ပိုအစွမ်းထက်တဲ့ ” ဘိုကာရှီ “ပြုလုပ်ပုံနည်း

ခြံထဲက ကြွေကျတဲ့အရွက်တွေ မီးရှို့မဲ့အစား ဘိုကာရှီလုပ်သုံးရင် နွားချေးဝယ်သုံးရတာထက် စရိတ်ကုန်ကျမှုသက်သာစေပြီး နွားချေးထက် ပိုမိုသောအစွမ်းကို ခံစားရမှာပါ။
မိရိုးဖလာနည်းအတိုင်း အပင်ရင်းနေမွန်းတည့်ချိန် အရိပ်ကျသော နေရာကို မြေတူးပြီးအပင်ပါတ်လည် အဝိုင်းပုံသဏ္ဍာန်အတွင်း နွားချေးများထည့် မြေပြန်ဖုံး ရေလောင်းစသည့် စနစ်ဟောင်းသည် နွားချေးကို စနစ်တကျထိန်းသိမ်းခြင်းမလုပ်ထားလျှင် တန်ဖိုးကျဆင်းနေသော နွားချေးစွမ်းအားကိုသာ ရရှိမည်ဖြစ်ပြီး အပင်ရင်း နွားချေးပုံသောအချိန်တွင်သာ ရေလောင်းပြီး ပြစ်ထားပါက အပင်မှအနည်းငယ်သာ စုပ်ယူစားသုံးနိုင်ပြီး နွားချေးများခြောက်သွေ့ ပျက်စီးသွားပါမည်။ မိမိစိုက်ခင်းထဲသို့ နွားချေး လှည်းတစ်စီးချမည်ဆိုပါက ပေးလိုက်ရသောတန်ဖိုးမှာ လှည်းတစ်စီးစာ ရရှိသောစွမ်းအားမှာ တစ်ဝက်တောင်မှ မသေချာပါ။
လူအင်အားအနည်းငယ် စိုက်ထုတ်ပြီး ခြံတွင်းမှအမှိုက်များ (ဆွေးမြေ့ခက်သော ပစ္စည်းများမပါ) တစ်နေ့နည်းနည်းစုပုံ ထားသည်ဖြစ်စေ။ တစ်ခါတည်းစုပုံထားသည်ဖြစ်စေ အီးအမ် / ငါးအမိုင်နိုအက်စစ် / ပုလဲဓာတ်မြေသြဇာတို့ဖြင့် အချိုးကျစုပုံပြီး ဘိုကာရှီ ဖောက်သုံးစွဲပါက နှစ်ရှည်ပင်ခြံများအတွက် အကျိုးပိုမိုရှိစေမည် ဖြစ်ပါသည်။
ကျွန်တော်ဆောင်ရွက်သောနည်းမှာ -
(1) မြက်ခြောက်နှင့်အမှိုက်များကို အမြင့် (2)ပေလောက် ရောက်သည့်အထိပုံပြီး ငါးအမိုင်နိုလီတာဝက် ရေဖျော်ဖြန်းပါသည်။
(2) ရေရွှဲအောင်လောင်းပြီး လူဖြင့်တက်နင်းသိပ်ပါသည်။
(3) အမှိုက်များအား (2)ပေတစ်ထပ်စီဖြင့် (3)ထပ် ပြုလုပ်ပါသည်။
(4) အထပ်တိုင်းတွင် ငါးအမိုင်နို လီတာဝက်သုံးပြီး ရေရွှဲအောင်လောင်း လူမှတက်နင်းစေပါသည်။ 
(5) ပလပ်စတစ်စ / တာပေါ်လင်မိုးကာစ အဆင်ပြေရာအုပ်ထားပြီး ၄င်းအစမလန်စေရန် ဝါး/သစ်များဖြင့်ဖိနှိပ်ထားပါသည်။
(6) ၄င်းအပုံအား (10)ရက်တစ်ကြိမ် အထက်အောက်လှန်ပြီး ရေအနည်းငယ်ဖြန်းပေးခြင်း ၄င်းရေဖြန်းချိန်တွင် ငါးအမိုင်နိုအက်စစ် ထည့်သွင်းဖြန်းပေးခြင်း ပြုလုပ်ပါသည်။ တစ်လကြာလျှင် စသုံးလို့ရပါပြီ။
(7) ပုလဲဓာတ်မြေသြဇာ သုံးမည်ဆိုပါက အမှိုက်သစ်ရွက်အလေးချိန်၏ (5%) ထည့်သွင်းအသုံးပြုနိုင်ပါသည်။

                             ***************  

#ငါးအမိုင်နိုအက်ဆစ်ပြုလုပ်ခြင်း (Fish Amino Acid - FAA)

#ငါးအရိုးနှင့် ခေါင်း၊ စနို၊ ၀မ်းတွင်းသား၊ အရိအချွဲများကို စဉ်းနီးတုံးတွင် နုပ်နုပ်စင်း၍ စဉ့်အိုးထဲထည့်ပါ။ ထို့နောက် ထည့်ထားသော ပမာဏ၏ တစ်၀က်ခန့် သကြားညို (ထန်းလျက်၊ ကြံသကာ၊ သကာရည် အဆင်ပြေရာသုံးနိုင်ပါတယ်။) ထည့်၍ ဇွန်းဖြင့် သမအောင်မွှေပေးပါ။ မြန်မြန်အချဉ်ဖောက်ချင်လျှင် သကြား သို့မဟုတ် ထန်းလျက် ပိုထည့်ရမည်။

#ထို့နောက် အိုးထိပ်၀ကို ပလက်စတစ်အိတ်မဲဖြင့် အုပ်၍ အရိပ်ရသော အေးသောနေရာအောက်တွင် (2-3ပတ်)ခန့်ထားပါ။ (3-4)ရက် ကြာလျှင် အပုပ်နံ့ထွက် လာနိုင်၍ လူသူမနီးသောနေရာတွင် ထားပါ။ (၂) ပတ်ကျော်လျှင် အချဉ်ဖောက်နံ့ကောင်းစွာထွက်ပါက အဆင်သင့်ဖြစ်ပြီ။

#သတိပြုရမည့်အချက်မှာ စဉ့်အိုးအတွင်း ထည့်လျှင် စဉ့်အိုး၏ သုံးပုံတစ်ပုံ (သို့မဟုတ်) တ၀က် လေဟာနယ်ဖြစ်နေပါစေ။ သို့မဟုတ်ပါက လျှံကျတတ်တယ်။ အိုးကို (2-3ရက်)တစ်ခါ ဖွင့်၍ တုတ်သန့်သန့်ဖြင့် မွှေးပေးပါက အချဉ်ဖောက်ခြင်းကို ပို၍ကောင်းစေတယ်။ လျှံကျခြင်းမှလဲ ကာကွယ်တယ်။

#ထားနိုင်လျှင် (၄ပတ်မှ ၆ပတ်)အထိ ထားပါက ပိုမိုကောင်းမွန်သော ရလဒ်ရရှိမည်။ ပိတ်စပါးဖြင့် စစ်ယူပြီး ဆေးရည်ကို အိုးအသန့် သို့မဟုတ် ဖန်ပုလင်းဖြင့် ထည့်ကာ သိမ်းထားနိုင်သည်။ ဖန်ပုလင်းထဲထည့်ရာတွင် အပြည့်မထည့်ဘဲ အပေါ်ပိုင်း ၅ပုံ၁ပုံ သို့မဟုတ် ၄ပုံ၁ပုံခန့် လေဟာနယ် အလွတ်ထားပါ။

#နွေရာသီ ပူပြင်းချိန်များတွင် မြန်မြန် အချဉ်ဖောက်လွယ်ပြီး လျှံကျတတ်တယ်။ အဲ့ဒီအခါကျ စဉ့်အိုးရဲ့ တ၀က်သာသာ ပဲထည့်သင့်တယ်။ လျှံကျတတ်ပါတယ်။ ဆောင်းတွင်းအေးတဲ့အချိန်များမှာတော့ အချဉ်ဖောက်နှုန်းက ပုံမှန်ထက်ကြာလို့ ရက်ကြာကြာ ထားသင့်တယ်။

#အပင်များဆေးဖြန်းသည့်အခါ ၎င်းသက်သက်ဖြန်းလျှင် ရေအဆ (၃၀၀မှ ၅၀၀)ရောဖြန်းနိုင်ပါတယ်။ ရေ (၄) ဂါလံပုံးတွင် (၄၀ စီစီမှ ၆၀ စီစီ) အထိ ရောစပ်ဖြန်းနိုင်သည်။ အပင်ငယ် ပျိုးပင်များကို (၃၀ စီစီ) ခန့်သာ ရောစပ်ပါ။ အပင်ကြီးများကို အရွက်ရော အပင်ခြေတဝိုက် မြေများကိုပါ ဖြန်းနိုင်ပါတယ်။

#မြေဆွေး ပြုလုပ်ရာတွင်လည်း တင်း ၂၀ မှ ၃၀ မြေဆွေးပုံတွင် ငါးအမိုင်နို ၁လီတာမှ ၁ဂါလံအထိ အဆင်ပြေသလို ရောစပ်နိုင်ပါတယ်။

                                 **********

#ဝယ်ယူလိုပါက 
ကိုအေးချမ်း (ပြည်) 09973757873 Ko Aye Chan
ကိုကျော်မျိုးထွန်း(မန္တလေး)09790194861 Kyawmyo Htun
တို့ထံတွင်ဝယ်ယူအားပေးနိုင်ပါကြောင်း။ 

                                                      Lu Gyan Gyi
                                                        2-3-2017

ဇီဝမှိုသတ်ဆေးမျိုးစုံ နဲ့ ထရိုင်ကိုဒါးမား


   ယနေ့ခေတ် မြန်မာပြည်ရဲ့ စိုက်ပျိုးရေးကဏ္ဍကို ကြည့်ရင် တကယ်ပဲ ရင်လေးမိပါတယ်။ တောင်သူတွေခမျာ အသိပညာဗဟုသုတနည်းပါးကြတဲ့အပြင် တသက်တာပျော်ချင် သစ်ပင်စိုက်ဆိုတဲ့စကားနဲ့ မလိုက်ဖက်လှစွာ ဖျက်ပိုး၊ ရောဂါတွေကြား ချွေးသံရွှဲရွှဲနဲ့ တနေကုန်လုံးပန်နေကြရရှာပါတယ်။ ဒီကြားထဲ ဆေးကုမ္ပဏီပေါင်းများစွာရဲ့ ဟိုဆေးက ကောင်းတယ် ဒီဆေးက ဘယ်လိုစွမ်းတယ်ဆိုတဲ့ လေလုံးကြီးများအောက်မှာ တကယ်ခံနေရတာ အပင်တွေနဲ့ တောင်သူတွေပါပဲ။ စိုက်ပုံစိုက်နည်းစနစ် မကျခြင်း၊ မြေသြဇာဓာတ်မြေသြဇာ နည်းစနစ်တကျ အသုံးမချတတ်ခြင်း၊ ရာသီဥတု အခြေအနေပေါ် လိုအပ်သလို ပြုပြင်မပြင်ဆင်တတ်ခြင်းတွေကို သွန်ပြပေးမယ့် အနှီဆရာသခင်အပေါင်းတို့ကလဲ ဆေးကုမ္ပဏီကြီးတွေရဲ့ အောက်ဝယ် ပြားပြားဝပ်နေသောကြောင့် တောင်သူကို နည်းပညာပေးဆောင်ရွက်ခြင်းက အားနည်းသထက် နည်းရရှာလေတော့တယ်။

စာရေးသူထံ မေးခွန်းပေါင်းများစွာ လာခြင်းတွေထဲက အများစုမှာ ကျနော့်အပင်လေ ရောဂါဖြစ်နေပြီဆရာ ဘာလုပ်ရမလဲ မသိတော့ဘူး??? ဆိုသည်က အများဆုံးပင်။ အမှန်မှာ မိမိသည် နှစ်ရှည်ပင်နှင့် သစ်မွှေးကိုသာ အဓိက ကျွမ်းကျင်ပြီး တခြား သီးနှံပင်များကို မိမိအိမ်စားဖို့အတွက်သာ စိုက်ပျိုးဖူးပါတယ်။ သို့သော် တောင်သူများအဖြစ်ကို ကိုယ်ချင်းစာပြီး မိမိလက်လှမ်းမှီသမျှ online ပေါ်မှ ရှာဖွေပေးရင်း ကုသနည်း၊ ကာကွယ်နည်းများကို အခါအားလျော်စွာ ရေးသားဖော်ပြခဲ့ပါတယ်။

အရင့်အရင်ကလဲ ပြောခဲ့သလို အခုလဲ ထက်ပြောရရင် ကုသနည်းထက် ကာကွယ်နည်းက ပိုထိရောက်ပြီး ငွေကုန်ကြေးကျ သက်သာပါတယ်။ အပင်ကို ကောင်းမွန်တဲ့မြေဆီလွှာဖြစ်စေဖို့ ဘယ်လိုဘယ်ပုံပြုမူရတယ်။ ရွက်ဖြန်းအားဆေး၊ မှိုသတ်၊ ပိုးသတ်ဆေး စတာတွေ ဘယ်လိုပြုလုပ်ရတယ်။ မိတ်ဆွေပိုးတွေက ဘယ်လို ဘိုကာရှီ၊ ဒိုချက်ကင်မြေသြဇာ ဘယ်လို ပြုပြင်ရတယ် စတာတွေကို အသေးစိတ် ဆောင်းပါးတခုစီတိုင်းမှာ စာရေးသူအနေနဲ့ အကျယ်တဝင့်ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ စာရေးသူ ရေးသားခဲ့တဲ့ ဆောင်းပါးအားလုံးကို အောက်ကလင့်မှာ တစုတစည်းထဲ ဖတ်နိုင်ပါတယ်။

၁။ ကျနော်ရေးမိသမျှ ဆောင်းပါး links များ (ပြုစုနေဆဲ)
https://www.facebook.com/Bogyoke/posts/10207431995620239

ဒီလိုကာကွယ်နည်း အပင်ကို ကျန်းမာသန်စွမ်းနေအောင် ပြုလုပ်နည်းတွေကို အစုံအလင်ပေးထားပါလျက် မပြုမူဆောင်ရွက်လို့ ဖြစ်လာခဲ့တဲ့ အကျိုးဆက်တွေကို တောင်သူတွေ ရင်ဆိုင်လာရတဲ့အခါ ဆရာတွေကို မေးမြန်းတတ်ကြတာ သဘာဝပါ။ ဒါပေမယ့် အခန့်မသင့် ဆေးရောင်းစားချင်တဲ့သူနဲ့ တွေ့လို့ကတော့ (တတ်ယောင်ကား) မိမိမှာ ဆေးဖိုးနဲ့ လုံးရာကပြားပါလိမ့်မယ်။

တချို့ရောဂါတွေက နောက်ဆုံးအဆင့်ရောက်မှ သိမြင်ရခြင်းက ဘယ်လိုမှကုသလို့ မမှီတဲ့အခြေအနေဖြစ်စေပါတယ်။ ဥပမာ ရွက်လိပ်ရောဂါ ဆိုရင် ပျနဲ့ ပုရွက်ဆိပ်တို့နဲ့ ဘယ်လိုဆက်စပ်ပြီး ပျ၊ ဖြုတ်၊ ယင်ဖြူတွေမှာ ကပ်ပါလာတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ရွက်လိပ်ရောဂါဖြစ်စေတယ်ဆိုတာကို အောက်ကဆောင်းပါးလင့်မှာ ဖော်ပြထားပါတယ်။

၂၀။ ရွက်လိပ်ရောဂါ
https://www.facebook.com/groups/GreenAgarwood/permalink/420403098109912/

ဒီတော့ ဆောင်းပါးရဲ့ အဓိကပြန်ဆက်ရရင် ခုလို ပူအိုက်စိုစွတ်တဲ့ ရာသီဥတုမှာ အဖြစ်များကြတာ မှိုရောဂါတွေပါ။ ဒါတွေနဲ့ ပတ်သတ်လို့ ပြင်ဆင်မှုအပိုင်းအနေနဲ့

- လုံးဝဆွေးနေတဲ့ နောက်ချေး၊ ကြက်ချေး၊ စတာတွေသုံးရပါမယ်။ အကယ်၍ အချိန်မရလို့ မဆွေးတဲ့ဟာ ရခဲ့ရင် ဒိုချက်ကင်၊ ဘိုကာရှီပြုလုပ်စေပြီးမှာ ဆွေးစေပါမယ်။ အောက်ကဆောင်းပါးလင့်မှာ ကြည့်ပါ။

 ၇၈။ ဒိုချက်ကင် မြေသြဇာ ပြုလုပ်ခြင်း အဆင့်ဆင့်
https://www.facebook.com/Bogyoke/posts/10201632296231379

၇၉။ ဘိုကာရှီ မြေသြဇာ ပြုလုပ်နည်း အဆင့်ဆင့်
https://www.facebook.com/groups/Organicfarming.Technology/permalink/524302631030141/

၂၁။ သတ္တလောက အကျိုးပြု EM (Effective Microorganism) နည်းပညာ
https://www.facebook.com/Bogyoke/posts/10203928590717306

- ဓာတ်မြေသြဇာကို အသုံးပြုရာမှာ နိုက်ထရိုဂျင် (ပုလဲဓာတ်)ကို အလွန်အကျွံကျွေးမိတာမျိုး မဖြစ်ပါစေနဲ့။ အပင်က ရောဂါပိုး၊ ဖျက်ပိုးတွေကို ဖိတ်ခေါ်သလိုဖြစ်စေပါတယ်။

- ရေအစိုဓာတ်မများစေရန် အထူးဂရုစိုက်ပါ။ စိုက်ဘောင်မြောင်းအတွင်း ရေမဝပ်စေရန်၊ ရေဆင်းကောင်းစေရန် ကြိုတင်ပြင်ဆင်ရပါမယ်။

အဲ့ဒီလိုပြင်ဆင်မှုတွေ မပြုလုပ်မိလို့ ပြုလုပ်တာ နည်းစနစ်မကျခဲ့လို့ ရောဂါတွေ ကျရောက်လာပြီဆိုရင်တော့ အခြေအနေဆိုးရွားလွန်းရင် မိမိသီးနှံရဲ့ ၅%အောက် ဖျက်ဆီးမှုစတွေ့နေရရင် မနှမြောပါနဲ့ ပျံ့နှံ့လွယ်တဲ့ ခါးရိမှိုရောဂါလို၊ အရိုးအဆစ်ပုတ်၊ ပင်စည်ပုတ်၊ အမြစ်ပုတ် စတဲ့မှိုရောဂါတွေအတွက် အပင်ကို တူးပြီး ဆွဲနှုတ် မီးရှို့ပစ်ပါ။ အဲ့ဒါက အကောင်းဆုံး ကုသနည်းပါ။

ပုတ်နေတဲ့ ခြေထောက်ကို မဖြတ်ရင် တကိုယ်လုံးပုပ်သွားပါလိမ့်မယ်။

ကျန်တဲ့ ၉၅% သော အပင်တွေ ဆက်လက်ကျန်းမာနေဖို့အတွက် ရင်းသင့်က ရင်းရပါလိမ့်မယ်။

အမှန်ကတော့ အခုလိုပူအိုက်စွတ်စိုရာသီစဝင်ကတည်းက ရွက်ဖြန်းမှိုသတ်ဆေးတွေကို အလှည့်ကျ ကြိုတင်ဖြန်းပေးခြင်းက အကောင်းဆုံးကုသခြင်းဖြစ်တဲ့ ကြိုတင်ကာကွယ်ခြင်းပါ။ တကယ်တော့ မှိုဆိုတာ အပင်ဝန်းကျင်မှာ အမြဲတိုက်ခိုက်နေတဲ့သဘောပါ။ ဒါကို မှိုကာကွယ်ဆေး မှိုသတ်ဆေးကို ပုံမှန်ဖြန်းပေးနေမယ်ဆိုရင် အပင်ဟာ ကျန်းမာပြီးကျန်းမာနေမှာ အမှန်ပါ။

ကောင်းပြီ ဘာဆေးတွေ သုံးရမလဲဆိုတော့ ကော့ပါး၊ ဆာလဖာပါတဲ့ ဓာတုမှိုသတ်ဆေးတွေရှိတယ်။ ဆေးဆိုင်တွေအားမကိုးဘူး။ ကိုယ်ကိုယ်တိုင်လုပ်တာကို အားပေးပါတယ်။ အောက်က ဘော်ဒိုးမစ်ချာနဲ့ ထုံးကန့်ဆေးက အခရာပါပဲ။

၅၈။ ဘော်ဒိုးဆေးရည် ဖျော်စပ်နည်း၊ အာနိသင် နဲ့
ထုံးကန့် မှိုဆေးရည် ဖျော်စပ်နည်း ပါ။
https://www.facebook.com/groups/DragonFruitsFarming/547036702098437/

၁၁၁။ ထုံးကန့်ဆေးရည် (lime sulfur) ပြုလုပ်နည်း
https://www.facebook.com/Bogyoke/posts/10209194597204177

ဆရာတယောက်ပြောခဲ့ဖူးတဲ့စကားကို ခဏငှားသုံးရရင် အပင်တွေကို တိုက်ရိုက်တဲ့ ဖျက်ပိုး၊ ရောဂါမှိုတွေကို ကိုယ်က ပြန်လည်တိုက်ခိုက်တဲ့အခါ ကျည်ဝင်ရာလမ်းကြောင်းမတူစေနဲ့ဆိုတာပါပဲ။ မှိုသတ်ဆေး၊ ကာကွယ်ဆေးတွေကို ကုမ္ပဏီမတူ တံဆိပ်မတူတာတွေကို ပြောင်းသုံးခိုင်းတာမဟုတ်ပါ။ သတ်နည်းခြင်းမတူညီတဲ့ မှိုသတ်ဆေး ကာကွယ်ဆေးတွေကို တလှည့်စီ ပြောင်းသုံးစေတာက ရန်သူရဲ့ နောက်မျိုးစိတ်တွေကို ခုခံမှုအား ပိုနည်းစေပါတယ်။ ရန်သူကို အပြီးသတ်မဟုတ်တောင် ရာနှုန်းပြည့်နီးပါး ချေးမှုန်းစေတဲ့ အကောင်းဆုံးနည်းဗျူဟာပါပဲ။ ဒီတော့ အပေါ်က ကော့ပါး၊ ဆာလဖာပါတဲ့ ဆေးတွေက မှိုကို ကော့ပါးဆိပ်၊ ဆာလဖာဆိပ်သင့်ပြီး သေစေသလို ခိုင်တိုင်စန်ကလဲ တနည်းတဖုံစွမ်းပါတယ်။ သူက မှိုရဲ့ ဆဲလ်နံရံတွေခြေဖျက်တဲ့အာနိသင်ရှိပြီး ဆေးဖြန်းပြီး ၂ပတ်အကြာမှာ အပင်အတွက် အားဆေးသဖွယ်ပြုမူပေးပါတယ်။ ဒီ ခိုင်တိုစန်လုပ်နည်းကိုလဲ အောက်ကဆောင်းပါးလင့်မှာ ဖော်ပြထားပါတယ်။

၃၉။ ခိုင်တိုစန် အကျိုးကျေးဇူး နှင့် ပြုလုပ်ပုံ အဆင့်ဆင့်
https://www.facebook.com/groups/GreenAgarwood/permalink/511602408989980/
https://www.facebook.com/groups/Organicfarming.Technology/permalink/768096026650799/

နောက်တခါ ဇီဝမှိုသတ်ဆေး အပြင်ပိုးသတ်အာနိသင်ရောပေးတဲ့ အီးအမ်ဖိုက် EM5 လို့နာမယ်ကြီးနေတဲ့ ဆေးနည်းကိုလဲ အောက်ကလင့်မှာ အပြည့်အစုံရေးပေးထားပါတယ်။

၂၂။ EM5 သို့မဟုတ် မှိုသတ် ပိုးသတ် သြဂဲနစ်ဆေးရည်
https://www.facebook.com/Bogyoke/posts/10206065538739671

၁၁၀။ အီးအမ်ပြုလုပ်ဖို့ အလွယ်မှတ်သားရန်
www.facebook.com/Bogyoke/posts/10208980779018856

နောက်ဆုံးအနေနဲ့ ဒီဆောင်းပါးရဲ့ ဇာတ်လိုက်မင်းသားကြီး ထရိုင်ကိုဒါးမားကို ပွဲထုတ်ပါတော့မယ်။

Trichoderma ဆိုတာ မှိုမျိုးစုတမျိုးပါပဲ။ ကမ္ဘာအနှံ့အပြား မြေဆီလွှာထဲ အလွန်ပေါများစွာ တည်ရှိနေပြီး မျိုးစိတ်ပေါင်း ရာချီအောင် ပျံ့နှံ့တည်ရှိနေတဲ့ မှိုမျိုးပါ။ ၎င်းမှိုမျိုးကို အိမ်တွေရဲ့ စိုစွတ်တဲ့နေရာတွေ နံရံတွေရဲ့ စိုစွတ်တဲ့နေရာတွေမှာ အစိမ်းရောင်အဖြစ် ပေါများစွာ မြင်တွေ့  နိုင်ပါတယ်။ အဲ့ဒီမှိုမျိုးစိတ်ထွက်တဲ့ ဒြပ်ပေါင်းဓာတ်ငွေ့တွေက လူတွေရဲ့ အဆုတ်နဲ့ လေပြွန်လမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေတယ်လို့ တချို့ပညာရှင်တွေက ဆိုထားပါတယ်။ တခါ တချို့ကပဲ လူကီမီးယားသွေးကင်ဆာနဲ့ HIV လို ခန္ဓာကိုယ်ခုခံအား လျော့နည်းစေတဲ့ ရောဂါတွေကို သက်သာစေတယ်လို့ တွေ့ရှိထားပြန်ပါတယ်။

တခါ ဇီဝလောင်စာထုတ် စက်ရုံတွေမှာ ဒီထရိုင်ကိုဒါးမားမှိုရဲ့ အင်ဇိုင်းအကူအညီနဲ့ ပိုမိုကောင်းမွန်အောင် ထုတ်လုပ်လာနိုင်ဖွယ်ရှိတာကိုလဲ သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိထားပါတယ်။ သူ့ရဲ့ဇီဝမှိုသတ်အာနိသင်ကို အသုံးချပြီး စားသောက်ကုန်လုပ်ငန်းတွေ၊ အရက်ချက်စက်ရုံ၊ သွားတိုက်ဆေးထုတ်လုပ်ငန်း၊ အသီးဖျော်ယမကာမျိုးစုံ၊ စတာတွေမှာလဲ တွင်ကျယ်စွာ အသုံးချလျက်ရှိပါတယ်။ ရှေ့ဆက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လေ့လာလိုသူများအတွက် ဆောင်းပါးအောက်က လင့်များမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒီဇီဝမှိုရဲ့ အကျိုးအာနိသင်များကို ဘက်စုံကဏ္ဍစုံမှာ တွင်ကျယ်စွာ အသုံးချနေသလို စိုက်ပျိုးရေးကဏ္ဍမှာလဲ ရှေးကနဦးထဲက အသုံးချလာခဲ့ပါတယ်။ ဒါကို တောင်သူအများ ဗဟုသုတ ရစေရန်နဲ့ ကိုယ်တိုင်ဖော်စပ်အသုံးချတတ်စေရန် ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးသားလိုက်ရပါတယ်။

ဇီဝမှိုဘုရင် ထရိုင်ကိုဒါးမား

Kingdom: Fungi

Division: Ascomycota

Subdivision: Pezizomycotina

Class: Sordariomycetes

Order: Hypocreales

Family: Hypocreaceae

Genus: Trichoderma

ဒီ ထရိုင်ကိုဒါမား မှိုမျိုးစုတွေဟာ ဖော်ပြခဲ့သလို ကမ္ဘာအနှံ့အပြား မြေဆီလွှာတိုင်းမှာ အပူချိန် ၇၇ နဲ့ ၁၀၄ ဒီဂရီဖာရင်ဟိုက် ကြားမှာ ကောင်းစွာ ရှင်သန်ပေါက်ဖွားကြပါတယ်။

ဒီ ထရိုင်ကိုဒါးမားမှိုရဲ့ စိုက်ပျိုးရေးအတွက် အကျိုးကျေးဇူးတွေကို ပြောရရင်...

၁။ Rigdiforus lignosus fungus, Fusarium oxysporum, Rhizoctonia solani, Fusarium monilifome, Sclerotium rolfsii and Sclerotium fungi rilfisil စတဲ့ အမြစ်ပုပ်၊ ပင်စည်ပုပ်၊ ခါးရိမှိုရောဂါနဲ့ တခြားမှိုရောဂါမျိုးစုံတို့ရဲ့ ဆဲလ်နံရံတွေကို ဖျက်စီးပစ်နိုင်စွမ်းရှိပါတယ်။ အပင်မျိုးစုံတို့ရဲ့ မှိုရောဂါများစွာမှာ သက်ရောက်မှုရှိပါတယ်။

၂။ မိုင်ကိုရိုင်ဇာလို့ခေါ်တဲ့ အပင်ရဲ့အမြစ်ဝန်းကျင်မှာရှိတဲ့ အကျိုးပြုမှိုတွေနဲ့ အတူလိုက်လျောစွာ နေထိုင်နိုင်ခြင်းကလဲ ထူးခြားတဲ့အချက်တခုပါ။

၃။ အပင်ရဲ့ အမြစ်နဲ့ မြစ်မွှားတွေကို မြေဆီလွှာအတွင်း ပိုမိုကြီးထွားရှင်သန်စေပါတယ်။ အပင်ရဲ့အစာစားနိုင်စွမ်းကို မြှင့်တင်ပေးစေပါတယ်။

၄။ မြေဆီလွှာမှာရှိတဲ့ ဖော့်စရပ် မီးစုန်းဓာတ်ကို အပင်စားသုံးနိုင်တဲ့ပုံစံဖြစ်အောင် ကူညီဆောင်ရွက်ပေးပါတယ်။ ဓာတ်မြေသြဇာတွေနဲ့ ယှဉ်တွဲအသုံးပြုနိုင်ပါတယ်။

၅။ အောက်ဇင်၊ စိုင်တိုကိုင်နင် စတဲ့ အပင်ကြီးထွားမှုဖြစ်စဉ်အတွက် အရေးပါတဲ့ ဟော်မုန်းတွေ ဖြစ်ပေါ်စေဖို့ လှုှံ့ဆော်ပေးပါတယ်။

၆။ အပင်ရေဝပ်ခြင်း၊ ဥတုဖောက်ပြန်ခြင်း စတဲ့ ဒဏ်တွေကို သက်သာစေပြီး အပင်ကို ခိုင်နိုင်ရည်စွမ်းမြှင့်တင်ပေးပါတယ်။

၇။ ဒီမှိုကနေ အဓိက cellulase နဲ့ chitinaseဆိုပြီး အင်ဇိုင် ၂မျိုးထုတ်ပါတယ်။ မြေဆီလွှာအတွင်း မဆွေးသေးတဲ့ ဆဲလူးလို့စ်တွေကိုချေဖျက်စေတာမို့ ဒီမှိုစားသုံးလို့ ပိုသျှံတာတွေ အပင်အတွက် များစွာအထောက်အပံ့ပေးပါတယ်။ တခါ ခိုင်းတနေ့စ် အင်ဇိုင်းက ခိုင်တိုစန်ဓာတ်ထုတ်ပေးပြီး တခြားဖျက်မှိုတွေရဲ့ ဆဲလ်နံရံတွေကိုဖျက်စီးတိုက်ခိုက်ပါတယ်။

ဒီလိုအပင်အတွက်များစွာ အကျိုးရှိတဲ့ ထရိုင်ကိုဒါးမား ဇီဝမှိုကို ဈေးကွက်မှာ အလွယ်တကူ မဝယ်ယူနိုင်သူတွေအတွက် စာရေးသူမှ ပြုလုပ်နည်းကို Website များစွာ လေ့လာပြီး ရေးသားဖော်ပြလိုက်ရပါတယ်။ လက်တွေ့ပြုလုပ်နည်း ပုံနှင့်တကွကို မကြာခင်တင်ပြပေးပါမယ်။

ထရိုင်ကိုဒါးမားမှိုဟာ အထက်က ဖော်ပြခဲ့သလို လူရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာကို အနည်းငယ်ထိခိုက်စေတာမို့ ပြုလုပ်ကိုင်တွယ်ရာမှာ နှာခေါင်းစည်း၊ လက်အိတ်များဖြင့် ကိုင်တွယ် အသုံးပြုကြပါလို့ အထူးမှာကြားလိုပါတယ်။

ထရိုင်ကိုဒါးမား မှိုမျိုးစေ့ရယူနည်း

၁။ အခွံနွာပြီးသား အုန်းသီးကို ၂ခြမ်း ခြမ်းပါ။ အုန်းသီးမှာ မနုလွန်း မရင့်လွန်းဖြစ်ရပါမယ်။

၂။ စိုက်ခင်းမှာ အုန်းသီးခြမ်းမြုပ်ရန် အနက် ၁၀လက်မခန့် တူးပါ။ စိုက်ပျိုးမယ့်သီးနှံ စိုက်ခင်းမှာပဲပြုလုပ်ပါ။ ဘာလို့လဲဆိုတော့ အဲ့ဒီဝန်းကျင်ကမှိုက ၎င်းမြေဆီလွှာနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်နေလို့ပါ။

၃။ အုန်းသီးခြမ်း ၂ခြမ်းကို မှောက်ရက်အနေအထားဖြင့် တူးထားတဲ့ ကျင်းထဲမှာ ဘေးကပ်ရပ်ယှဉ်ထားပါ။

၄။ အပေါ်မှ အနီးအနားက မြက်၊ သစ်ရွက်၊ မြေဆွေးများဖြင့် ပြန်ဖုံးပါ။

၅။ ၂ရက်၊ ၃ရက်အတွင်း ပုံ ၁မှာ ပြထားသလို အစိမ်းရောင်မှိုများ အုန်းသီးဆံအဖြူပေါ်တက်နေပြီဆိုပါက မှိုမျိုးစေ့ရယူခြင်းလုပ်ငန်း ပြီးဆုံးအောင်မြင်ပါပြီ။

မှိုမျိုးပြန်ပွားနည်း (ပထမအဆင့်)

၁။ ဆန်ဆေးရည် ၄လီတာ (ပထမအကြိမ်ဆေးတဲ့အရည်သာ)၊ အုန်းရည် ၂လီတာ (အပင်ပေါ်မှချပြီး ၈နာရီအတွင်းဖြစ်ရပါမယ်)၊ သကြား ၆ကျပ်ခွဲသားတို့ကို ပျော်အောင်ဖျော်ပါ။

၂။ အပေါ်မှ အရည်ထဲသို့ မှိုမျိုးစေ့ပါဝင်သော အုန်းသီးခြမ်းမှ အစိမ်းဖတ်များကုန်အောင်ခြစ်ချပါ။ ပြီးရင် ရောသမမွှေပါ။

၃။ ၆လီတာနီးပါးဆန့်သောဘူး သို့မဟုတ် ၁လီတာဆန့် ဘူး၆ဘူးအတွင်းသို့ ပြောင်းထည့်ပြီး နေရောင်မကျသော အေးသောနေရာတွင် ၁၅ရက်ခန့် ထားပါ။

၄။ ဘူးမှလေကန်တတ်သောကြောင့် နေ့စဉ်လေဖွင့်ပေးရန်လိုပါတယ်။ အဲ့လိုမလုပ်ချင်ရင် ဘူးအဖုံးကို ခဲတံလုံးအရွယ်အပေါက်ဖောက်ပြီး အပေါ်မှ ရာဘာလက်အိပ်အပျော့ (သို့မဟုတ်) ပူဖောင်းစွပ်ပြီး ပူဖောင်းကို အပ်ပေါက်၂ပေါက် ၃ပေါက်ဖောက်ပေးပါ။ အပြင်မှလေမဝင်စေရန်နဲ့ အတွင်းမှလေ အပြင်ကို ထွက်စေတဲ့သဘောပါ။

၅။ ၁၅ရက်ပြည့်ရင် ရေအဆ ၁၅ဆရောပြီး အပင်ခြေတဝိုက် မြေဆီလွှာကို ပက်ဖြန်းနိုင်ပါတယ်။

ပထမအဆင့်ကို မြေဆီလွှာထဲ တိုက်ရိုက်ထည့်ပေးနိုင်သလို အဆပမာဏ များစွာ ပွားချင်ရင် အောက်က ဒုတိယအဆင့်ကို ထပ်လုပ်နိုင်ပါတယ်။

မှိုမျိုးပြန်ပွားနည်း (ဒုတိယအဆင့်)

၁။ အပေါ်မှ ထရိုင်ကိုဒါးမား မျိုးပွားရည်ကို ထန်းလျက်ရည်မပျစ်မကျဲဆတူရောပြီး ဖွဲနုအိတ် (တတင်းသို့မဟုတ် တတင်းခွဲအိတ်) တအိတ်၊ ဝါးရွက်အောက်ကမြေဆွေး ၅တင်းဖြင့်ရောပြီး သမအောင် မွှေပါ။

၂။ သမစွာမွှေထားသောမြေဆွေးကို လက်ဖြင့်ဆုပ်လျှင် ဆုပ်လုံးနိုင်ပြီး၊ လက်ညှိုးဖြင့်ထိုးရင် ထိုမြေလုံးကွဲသွားရပါမယ်။ အစိုဓာတ်ပျမ်းမျှ ၆၀% ဝန်းကျင်ဖြစ်စေရန် လိုအပ်တဲ့ရေကို လိုသလို ထပ်မွှေပေးဖို့လိုပါတယ်။

၃။ မြေဆွေးပုံကို အမြင့် ၁ပေခွဲထက် မမြင့်စေဘဲ ရေမစီးတဲ့ကုန်းမြေပေါ် လုပ်ပြီး ငှက်ပျောရွက်များ အပေါ်မှထပ်မိုးပေးပါ။

၄။ ၃ရက် နေရင် တခါမွှေပေးပါ။ ၇ရက်မြောက်နေ့မှာ ထရိုင်ကိုဒါမားမှိုအပြင် ဝါးရွက်ဆွေးဒိုချက်ကင်မှို၊ မိုင်ကိုရိုင်ဇာ စတဲ့အကျိုးပြုမှိုများပါဝင်တဲ့ မြေဆွေးကောင်းကို ရရှိပါပြီ။ အပင်များပတ်လည် ပက်ဖြန်း၍သော်၎င်း၊ အပင်မစိုက်ခင် မြေခံအနေဖြင့် အပင်အရွယ်အစားအလိုက် နို့ဆီဗူး ၄ဗူးမှ တပြည်ဝန်းကျင်ခန့်အထိ ထည့်ပေးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။

စိုက်ပျိုးတောင်သူ မိတ်ဆွေများ စာရေးသူဆောင်းပါးဖတ်ပြီး ပြုံးပျော်နိုင်ကြပါစေ။ ဝင်ငွေတိုးလို့ ကျန်းမာရွှင်လန်းကြပါစေဗျာ။

ခင်မင်တဲ့
ကိုဝေအောင်
စိမ်းလန်းသစ်မွှေး
၂၁ သြဂတ် ၂၀၁၇

ကိုးကားလင့်များ
https://en.wikipedia.org/wiki/Trichoderma
https://www.ncbi.nlm.nih.gov/pmc/articles/PMC2886115/
http://waytogrow.net/trichoderma-biofungicide/
http://living-soils.com/trichoderma-plants/
http://agriculture90.blogspot.co.uk/2015/09/how-to-make-microbial-trichoderma-sp.html
http://www.ticotimes.net/2011/08/04/grow-your-own-friendly-fungus
http://www.mold-answers.com/trichoderma.html
https://c.ymcdn.com/sites/echocommunity.site-ym.com/resource/collection/F6FFA3BF-02EF-4FE3-B180-F391C063E31A/Producing_the_Fungi_Trichoderma_and_Beauveria_at_Home.pdf

Wednesday, April 4, 2018

အီးအမ်အသုံးပြုမြေသြဇာပြုလုပ်နည်း




အသင့်သုံးအီးအမ်ဖျော်စပ်နည်း
ပါဝင်သောပစ္စည်းများ

အီးအမ်ဖျော်ရည်ပြင်း(စတီးဇွန်း ၁ ဇွန်း) ၊ တင်လဲရည် /သကာရည်(စတီးဇွန်း ၄ ဇွန်း)၊ ရေ(ရေလီတာပုလင်း၏ပုခုံးဝက်)

အချိုးအစား- ( ၁: ၄: ၉၅ ) ဆ

ပြုလုပ်နည်း

(၁) ပါဝင်သောပစ္စည်းများကို အထက်ပါ အချိုးအတိုင်းရောစပ်ပြီး သမအောင်လှုပ်ပါ။
(၂) ပြီးလျှင် လေလုံအောင်ပိတ်ပါ။ နေ့စဉ် နံနက်တိုင်း အဖုံးဖွင့်၍ ဓါတ်ငွေ့များကို ဖယ်ထုတ်ပါ။ (အေး၍မှောင်ပြီးခြောက်သွေ့သောနေရာတွင် ထားပါ)
(၃) ရောစပ်ပြီး ၃ ရက်ခန့်အကြာ မူလအမဲရောင်မှ အဝါရောင်သို့ ပြောင်းလာ၏။ ထိုအခါ စတင်အသုံးပြု နိုင်ပြီဖြစ်သည်။ဖျော်စပ်ပြီး (၇) ရက်မှ (၁၀) ရက်အတွင်း အကုန်သုံးပစ်ရမည်။ ရက်ကျော်ပါက အဝါရောင်မှ အမည်းရောင်ပြောင်းပြီး အနံ့လည်း မကောင်းတော့ပေ။ ထိုအခြေအနေရောက်ပါက အာနိသင်ပြယ်ပြီဟု မှတ်ပါ။

မှတ်ချက်။ ဖျော်စပ်ရာတွင် အသုံးပြုသည့် ဘူးခွံ့သည်  ဓါတ်ဆီ၊ ဒီဇယ်၊ စားသုံးဆီစသည့် ဆီပါသော ဘူးများအား အသုံးမပြုရပါ။

အီးအမ်ဘိုကာရှီပြုလုပ်ပုံအဆင့်ဆင့်
(၁) အရိပ်ကောင်းကောင်းနေရာကို ရွေးပါ။
(၂) သီးနှံစွန့်ပစ်ပစ္စည်း( ဥပမာ-ကောက်ရိုး၊ ဗေဒါ)သို့မဟုတ် မြက်ခြော(က်နှင့်နွားချေးတို့ကို စုဆောင်းပါ။

(၃) စည်ပိုင်းပြတ်ထဲသို့ ရေဂါလံ ၂၀ ထည့်ပါ။ ထိုအထဲသို့ အသင့်သုံးအီးအမ်ဖျော်ရည်နို့ဆီ ၃ ခွက် နှင့် တင်လဲရည် ၃ ခွက်ရောစပ်ပြီး သမအောင်တုတ်ဖြင့်မွှေပေးပါ။ (နို့ဆီ ၃ ခွက် = ၁ လီတာ)
(၄) သစ်သားငုတ်များသုံး၍ မြေဆွေးပုံနေရာကို သတ်မှတ်ပါ။ မြေဆွေးပုံအကြီးအသေးသည် အသုံးပြုမည့် သီးနှံ သို့မဟုတ် မြက်ခြောက်ပမာဏပေါ် မူတည်ပါသည်။ သို့သော် ဘိုကာရှီတစ်ပုံသည် အလျား ၆ပေ၊ အနံ ၄ ပေ၊ အမြင့် ၃ ပေထက်မပိုသင့်ပါ။
(၅) လျာထားသတ်မှတ်ထားသောနေရာတွင် စွန့်ပစ်ပစ္စည်းများကို ပထမအလွှာအဖြစ် ဖြန့်ခင်းပြီး သိပ်သည်း တင်းကြပ်နေစေရန် ခြေဖြင့်ဖိနင်း၍ ၆ လက်မထုရသည်အထိပြုလုပ်ပါ။
(၆) ထိုအလွှာပေါ်သို့ အီးအမ် ၃ ဂါလံပက်ဖြန်းပေးပါ။
(၇) နွားချေး ၈ ပြည်ထပ်၍ဖြူးပါ။
(၈) မြေဆွေးပုံအမြင့် ၃ ပေရောက်သည်အထိ အဆင့်(၅)၊ (၆)၊ (၇) တွင်ဖော်ပြထားသည့်အတိုင်း တစ်လွှာ ပြီးတစ်လွှာဆင့်တင်သွားပါ။
(၉) မြေဆွေးပုံပူနွေးစေရန်နှင့် လေတိုက်၍ခြောက်သွေ့မှုမဖြစ်စေရန် အပေါ်မှပလတ်စတစ်ဖုံးထားပေးရသည်။
(၁၀) (၇-၁၀) ရက်ခန့်အကြာ အစိုဓါတ် အနည်းအများကို စီစစ်ပါ။ ခြောက်သွေ့နေက ရေဖျန်းပေးပါ။ မြေဆွေး ပုံ အမြဲစိုစွတ်နေစေရန် ဂရုပြုပေးပါ။ မခြောက်လွန်းစေရ။ မစိုလွန်းစေရပေ။
(၁၁) ၁-၂ ပတ်ခန့်အကြာ (တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့်တိုင်) စတင်သုံးစွဲနိုင်ပါသည်။
ဘိုကာရှီ ကို နောက်ဆုံးထွန်ရေးနှင့်အတူ ကြဲပက်ကျွေးရသည်။ တစ်ဧကအတွက် ဘိုကာရှီ (၂-၅) တန် (၈ မှ ၂၀ပုံ) လိုအပ်သည်။နှစ်ရှည်ပင်များ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းပင်များအတွက် ဘိုကာရှီကို အစိုဓါတ် အလုံအလောက်ရှိစဉ် အပင်ခြေ၌ထည့်သွင်းပေးရသည်။

စူပါအီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်ပုံအဆင့်ဆင့်
လိုအပ်သော ပစ္စည်းများ

စပါးခွံ / စပါးခွ့ွံမီးသွေး/ စက်ဖွဲပြာနွားချေး/ ကျွဲချေး/ ကြက်ချေး/ ဆိတ်ချေး/ မြင်းချေး/ ဝက်ချေးဖွဲနုအသင့်သုံး အီးအမ် ဖျော်ရည်သကာရည်/ တင်လဲရည်လေလုံသောအိတ်

ပြုလုပ်နည်း

(၁) စပါးခွ့ွံ၊ နွားချေး နှင့် ဖွဲနု (၂-ဆ၊ ၂-ဆ၊ ၁-ဆ) တို့ကိုရောစပ်၍ပုံပါ။
(၂) အပုံပေါ်သို့ အသင့်သုံးအီးအမ်ဖျော်ရည်ဖျန်း၍ သမအောင်မွှေပါ။ အစိုဓါတ်မများလွန်း၊ မနည်းလွန်း စေရ။ လက်ဖြင့်ဆုပ်ကြည့်ပါက လက်ကြားမှရေမထွက်စေရ။ လက်ဖြန့်လိုက်ပါကအလုံး မပျက်စေရ။
(၃) ရောစပ်ပြီးပစ္စည်းများကို လေလုံအိတ်အတွင်းထည့်၍ ချည်နှောင်ပြီး အေး၍ခြောက်သွေ့သောအရိပ်ထဲ တွင်ထားပါ။
(၄) ချိုသင်းသင်းအနံ့ရရှိလာပါက နွေရာသီတွင် (၃)ရက်၊ ဆောင်းရာသီတွင် (၁၀) ရက်ကြာလျှင် မြေ ဆွေးအဖြစ် စတင်အသုံးပြုနိုင်သည်။ ကြာရှည်သိုလှောင်လိုပါက နေရိပ်တွင် အခြောက်ခံပြီး အိတ်ထဲ သို့ ပြန်လည် ထည့်သွင်း၍ (၆)လခန့်အထိ သိုလှောင် ထားနိုင်သည်။ တစ်ဧကအတွက် အနည်းဆုံး ၁ တင်းခွဲဝင် ပီနန်အိတ် ၂၀ အသုံးပြုရမည်။

Green Way