အသင့်သုံးအီးအမ်ဖျော်စပ်နည်း
ပါဝင်သောပစ္စည်းများ
အီးအမ်ဖျော်ရည်ပြင်း(စတီးဇွန်း ၁ ဇွန်း) ၊ တင်လဲရည် /သကာရည်(စတီးဇွန်း ၄ ဇွန်း)၊ ရေ(ရေလီတာပုလင်း၏ပုခုံးဝက်)
အချိုးအစား- ( ၁: ၄: ၉၅ ) ဆ
ပြုလုပ်နည်း
(၁) ပါဝင်သောပစ္စည်းများကို အထက်ပါ အချိုးအတိုင်းရောစပ်ပြီး သမအောင်လှုပ်ပါ။
(၂) ပြီးလျှင် လေလုံအောင်ပိတ်ပါ။ နေ့စဉ် နံနက်တိုင်း အဖုံးဖွင့်၍ ဓါတ်ငွေ့များကို ဖယ်ထုတ်ပါ။ (အေး၍မှောင်ပြီးခြောက်သွေ့သောနေရာတွင် ထားပါ)
(၃) ရောစပ်ပြီး ၃ ရက်ခန့်အကြာ မူလအမဲရောင်မှ အဝါရောင်သို့ ပြောင်းလာ၏။ ထိုအခါ စတင်အသုံးပြု နိုင်ပြီဖြစ်သည်။ဖျော်စပ်ပြီး (၇) ရက်မှ (၁၀) ရက်အတွင်း အကုန်သုံးပစ်ရမည်။ ရက်ကျော်ပါက အဝါရောင်မှ အမည်းရောင်ပြောင်းပြီး အနံ့လည်း မကောင်းတော့ပေ။ ထိုအခြေအနေရောက်ပါက အာနိသင်ပြယ်ပြီဟု မှတ်ပါ။
မှတ်ချက်။ ဖျော်စပ်ရာတွင် အသုံးပြုသည့် ဘူးခွံ့သည် ဓါတ်ဆီ၊ ဒီဇယ်၊ စားသုံးဆီစသည့် ဆီပါသော ဘူးများအား အသုံးမပြုရပါ။
အီးအမ်ဘိုကာရှီပြုလုပ်ပုံအဆင့်ဆင့်
(၁) အရိပ်ကောင်းကောင်းနေရာကို ရွေးပါ။
(၂) သီးနှံစွန့်ပစ်ပစ္စည်း( ဥပမာ-ကောက်ရိုး၊ ဗေဒါ)သို့မဟုတ် မြက်ခြော(က်နှင့်နွားချေးတို့ကို စုဆောင်းပါ။
(၃) စည်ပိုင်းပြတ်ထဲသို့ ရေဂါလံ ၂၀ ထည့်ပါ။ ထိုအထဲသို့ အသင့်သုံးအီးအမ်ဖျော်ရည်နို့ဆီ ၃ ခွက် နှင့် တင်လဲရည် ၃ ခွက်ရောစပ်ပြီး သမအောင်တုတ်ဖြင့်မွှေပေးပါ။ (နို့ဆီ ၃ ခွက် = ၁ လီတာ)
(၄) သစ်သားငုတ်များသုံး၍ မြေဆွေးပုံနေရာကို သတ်မှတ်ပါ။ မြေဆွေးပုံအကြီးအသေးသည် အသုံးပြုမည့် သီးနှံ သို့မဟုတ် မြက်ခြောက်ပမာဏပေါ် မူတည်ပါသည်။ သို့သော် ဘိုကာရှီတစ်ပုံသည် အလျား ၆ပေ၊ အနံ ၄ ပေ၊ အမြင့် ၃ ပေထက်မပိုသင့်ပါ။
(၅) လျာထားသတ်မှတ်ထားသောနေရာတွင် စွန့်ပစ်ပစ္စည်းများကို ပထမအလွှာအဖြစ် ဖြန့်ခင်းပြီး သိပ်သည်း တင်းကြပ်နေစေရန် ခြေဖြင့်ဖိနင်း၍ ၆ လက်မထုရသည်အထိပြုလုပ်ပါ။
(၆) ထိုအလွှာပေါ်သို့ အီးအမ် ၃ ဂါလံပက်ဖြန်းပေးပါ။
(၇) နွားချေး ၈ ပြည်ထပ်၍ဖြူးပါ။
(၈) မြေဆွေးပုံအမြင့် ၃ ပေရောက်သည်အထိ အဆင့်(၅)၊ (၆)၊ (၇) တွင်ဖော်ပြထားသည့်အတိုင်း တစ်လွှာ ပြီးတစ်လွှာဆင့်တင်သွားပါ။
(၉) မြေဆွေးပုံပူနွေးစေရန်နှင့် လေတိုက်၍ခြောက်သွေ့မှုမဖြစ်စေရန် အပေါ်မှပလတ်စတစ်ဖုံးထားပေးရသည်။
(၁၀) (၇-၁၀) ရက်ခန့်အကြာ အစိုဓါတ် အနည်းအများကို စီစစ်ပါ။ ခြောက်သွေ့နေက ရေဖျန်းပေးပါ။ မြေဆွေး ပုံ အမြဲစိုစွတ်နေစေရန် ဂရုပြုပေးပါ။ မခြောက်လွန်းစေရ။ မစိုလွန်းစေရပေ။
(၁၁) ၁-၂ ပတ်ခန့်အကြာ (တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့်တိုင်) စတင်သုံးစွဲနိုင်ပါသည်။
ဘိုကာရှီ ကို နောက်ဆုံးထွန်ရေးနှင့်အတူ ကြဲပက်ကျွေးရသည်။ တစ်ဧကအတွက် ဘိုကာရှီ (၂-၅) တန် (၈ မှ ၂၀ပုံ) လိုအပ်သည်။နှစ်ရှည်ပင်များ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းပင်များအတွက် ဘိုကာရှီကို အစိုဓါတ် အလုံအလောက်ရှိစဉ် အပင်ခြေ၌ထည့်သွင်းပေးရသည်။
စူပါအီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်ပုံအဆင့်ဆင့်
လိုအပ်သော ပစ္စည်းများ
စပါးခွံ / စပါးခွ့ွံမီးသွေး/ စက်ဖွဲပြာနွားချေး/ ကျွဲချေး/ ကြက်ချေး/ ဆိတ်ချေး/ မြင်းချေး/ ဝက်ချေးဖွဲနုအသင့်သုံး အီးအမ် ဖျော်ရည်သကာရည်/ တင်လဲရည်လေလုံသောအိတ်
ပြုလုပ်နည်း
(၁) စပါးခွ့ွံ၊ နွားချေး နှင့် ဖွဲနု (၂-ဆ၊ ၂-ဆ၊ ၁-ဆ) တို့ကိုရောစပ်၍ပုံပါ။
(၂) အပုံပေါ်သို့ အသင့်သုံးအီးအမ်ဖျော်ရည်ဖျန်း၍ သမအောင်မွှေပါ။ အစိုဓါတ်မများလွန်း၊ မနည်းလွန်း စေရ။ လက်ဖြင့်ဆုပ်ကြည့်ပါက လက်ကြားမှရေမထွက်စေရ။ လက်ဖြန့်လိုက်ပါကအလုံး မပျက်စေရ။
(၃) ရောစပ်ပြီးပစ္စည်းများကို လေလုံအိတ်အတွင်းထည့်၍ ချည်နှောင်ပြီး အေး၍ခြောက်သွေ့သောအရိပ်ထဲ တွင်ထားပါ။
(၄) ချိုသင်းသင်းအနံ့ရရှိလာပါက နွေရာသီတွင် (၃)ရက်၊ ဆောင်းရာသီတွင် (၁၀) ရက်ကြာလျှင် မြေ ဆွေးအဖြစ် စတင်အသုံးပြုနိုင်သည်။ ကြာရှည်သိုလှောင်လိုပါက နေရိပ်တွင် အခြောက်ခံပြီး အိတ်ထဲ သို့ ပြန်လည် ထည့်သွင်း၍ (၆)လခန့်အထိ သိုလှောင် ထားနိုင်သည်။ တစ်ဧကအတွက် အနည်းဆုံး ၁ တင်းခွဲဝင် ပီနန်အိတ် ၂၀ အသုံးပြုရမည်။
Green Way
No comments:
Post a Comment