မြေဆွေး (Compost) ဆိုသည်မှာ မြေကြီးနှင့်တူသည့် သဘာဝဆွေးမြေ့ပစ္စည်း (Soil-like decomposed organic materials) များမှရရှိ လာသောအရာများဖြစ်ပါသည်။ သဘာဝ မြေသြဇာဖြစ်သည့် မြေဆွေးကို သုံးစွဲခြင်းသည် ဓာတ်မြေသြဇာများသုံးစွဲခြင်းနှင့် နှိုင်းယှဉ်ပါက အာဟာရဓာတ်ပါဝင်မှု မများသော်လည်း မြေဆီလွှာကောင်းမွန်ရေးအတွက်မူ မရှိမဖြစ် လိုအပ်သောအရာဖြစ်ပါသည်။
မြေဆွေးကို ထည့်သွင်းသုံးစွဲခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိအခြေအနေများ (Soil Physical Properties) ကို ပြုပြင်ပြောင်းလဲပေးနိုင်သည့်အပြင် မြေဆီလွှာနှင့် မြေမှုန့်ကောင်းစွာပေါင်းစပ်၍ မြေတွင်း ရေသိုလှောင်မှု စွမ်းအားမြင့်မားစေပြီး သီးနှံအထွက်နှုန်းတိုးတက်ရေးကို အထောက်အကူ ဖြစ်စေပါသည်။
မြေဆွေးပုံတစ်ခုပြုလုပ်ရန် ကရိကထမများလှပါ။ ကုန်ကျမှုလည်းသိပ်မရှိပါ။ မြေဆွေးပြုလုပ်ရန် အချိန်၊ နေရာ၊ အလွယ်တကူဆွေးမြေ့လွယ်သော စွန့်ပစ်ပစ္စည်းများနှင့် ရေတို့ရရှိမည်ဆိုလျှင် ဖြစ်ပါသည်။ မြေဆွေးပြုလုပ်ရန် အသုံးပြုမည့်စွန့်ပစ်ပစ္စည်း အရာဝတ္ထုများပေါ် မူတည်ပြီး အချိန်အနည်းဆုံး သုံးလခန့်ကြာပါသည်။
မြေဆွေးပြုလုပ်ပုံနည်းလမ်းများ
မီးဖိုချောင်စွန့်ပစ်ပစ္စည်းများဖြစ်သော သစ်သီးနှင့်ဟင်းသီးဟင်းရွက် အခွံ၊ အဖတ်၊ အခေါက်များ၊ ပြာများနှင့် မိမိအိမ်ခြံမြေနှင့်စိုက်ခင်းများမှ ထွက်ရှိသော သီးနှံအကြွင်းအကျန်များနှင့် မည်သည့် သဘာဝစွန့်ပစ်ပစ္စည်းမဆို မြေဆွေးပြုလုပ်ရန် အသုံးပြုနိုင်ပါသည်။ တိရိစ္ဆာန်တို့၏ စွန့်ပစ် ပစ္စည်းများ (ဥပမာ - ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဘဲ၊ ဆိတ်၊ သိုးစသည်တို့၏ မစင်များ)၊ ငါးရိုးနှင့် ငါးအကြေးခွံများသည် မြေဆွေး ကောင်းတစ်ပုံရရှိရန် အဖိုးတန်သော စွန့်ပစ်ပစ္စည်းများဖြစ်ပါသည်။
မြေဆွေးပုံအား ခြောက်သွေ့သွားခြင်းမှ ကင်းဝေးရန် အရိပ်ရသော နေရာတွင် ပြုလုပ်သင့်ပါသည်။ သို့သော်လည်း ရေဝပ်သောနေရာများအား ရှောင်ကြဉ်သင့်ပါသည်။ မြေဆွေးကို ကျင်းထဲတွင် ပြုလုပ်၍ရသော်လည်း မြေပေါ်တွင် ပြုလုပ်ခြင်းက ပို၍ ကောင်းပါသည်။ အကြောင်းမှာ ဆွေးမြေ့မှုနှုန်းမြန်စေရန် လေရရှိမှုမှာ မြေပြင်တွင် လုပ်ခြင်းက ပို၍ အဆင်ပြေစေပါသည်။
မြေဆွေးပုံအား ပုံတွင် ပြထားသကဲ့သို့ အလွှာလိုက်ပုံပါ။ အလွယ်တကူ မဆွေးမြေ့သော စွန့်ပစ်ပစ္စည်းများ (Coarsest Materials) အား မိုးရွာလျှင် ရေစီးဆင်းမှုကောင်းစေရန် အောက်ဆုံးအလွှာမှာ ထားပါ။ အလွှာတစ်လွှာချင်းစီ၏ အထူသည် ၈ လက်မ (၂၀ စင်တီမီတာ) ထက် မပိုသင့်ပေ။ တစ်လွှာနှင့် တစ်လွှာအကြားတွင် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ ထည့်ပေးလျှင် ပို၍ ကောင်းပါ သည်။ မြေဆွေးပုံ၏ အမြင့်နှင့် အကျယ်အားလည်း ၄-၅ ပေ (၁.၅ မီတာ) ထက် မပိုသင့်ပေ။ မြေဆွေးပုံ၏ အရှည်အား မြေဆွေးလုပ်ရန်ရရှိသော စွန့်ပစ်ပစ္စည်းများပေါ် မူတည်၍ နှစ်သက် သလို ထားနိုင်ပါသည်။ ပူပြင်းခြောက်သွေ့သော ရာသီဥတုအခြေအနေတွင် မြေဆွေးပုံအား ငှက်ပျောရွက်ကဲ့သို့ အရွက် များဖြင့် ဖုံးအုပ်ပေးထားသင့်ပါသည်။ မြေဆွေးပြုလုပ်ရာတွင် လေရရှိမှုသည် မရှိမဖြစ် လိုအပ်ပါသည်။ မြေဆွေးပုံအတွင်းသို့ လေဝင် လေထွက်ရှိစေရန် ဝါးများကို အပေါက်များ ဖောက်၍ ထည့်ထား ပေးသင့်ပါသည်။
မြေဆွေးပုံ၏ အပူချိန်သည် အစပိုင်း၌ ၆၀ စင်တီဂရိတ်အထိ မြင့်တက်လာကာ ဆွေးမြေ့မှု နှုန်းကို မြန်စေပါသည်။ မြေဆွေးပုံပြုလုပ် ပြီးနောက် (၁၅) ရက်ခန့်ကြာလျှင် မြေဆွေးပုံ၏ အပူချိန်သည် တဖြေးဖြေးကျလာကာ မြေဆွေးပုံအား အထက်အောက်လှန်ပေးမှုများ ပြုလုပ် ရပါမည်။ ရက်သတ္တငါးပတ်ခန့်အကြာတွင် မြေဆွေးပုံကို အထက်အောက်လှန်ပေးခြင်းကို တစ်ကြိမ်ထပ်မံ ပြုလုပ်ရပါ မည်။ လိုအပ်လျှင် မြေဆွေးပုံအား ရေထပ်လောင်း ပေးရပါမည်။
မြေဆွေးတစ်ပုံအတွက် ဆွေးမြေ့ရန် ကာလတစ်လျှောက်လုံး အစိုဓာတ် ၄၅% မှ ၆၅% အတွင်း ရှိနေသင့်ပါသည်။ သို့သော်လည်း ရေများစွာ လောင်းလျှင်လည်း မြေဆွေးပုံးအား ကျစ်၍ မာသွား စေမည်ဖြစ်သည်။ မိုးရာသီ၌ မြေဆွေးပုံအား ငှက်ပျောရွက် (သို့မဟုတ်) ပလပ်စတစ်များဖြင့် ဖုံးအုပ်ပေးထားလျှင် မြေဆွေးပုံအတွင်းသို့ ရေအလွန်အကျွံ ဝင်ရောက်ခြင်းမှ လျော့ပါး သက်သာ စေပါသည်။ အကယ်၍ မြေဆွေး၌ အစိုဓာတ် အရမ်းများလာလျှင် မြေဆွေးပုံအား အထက်အောက်လှန်ပေးခြင်း သို့မဟုတ် ခြောက်သွေ့သော စွန့်ပစ်ပစ္စည်းများ ဖြည့်ပေးခြင်းဖြင့် မြေဆွေးပုံအား ပြုပြင်နိုင်ပါသည်။
သုံးလခန့်အကြာတွင် မြေဆွေးပုံသည် အသုံးပြုရန် အသင့်အနေအထားသို့ ရောက်ရှိလာပါသည်။ ထိုအချိန်၌ မြေဆွေးပုံသည် အပုပ်နံ့များ ကင်းစင်၍ မြေနံ့သင်း နေရပါမည်။ ယင်းသို့မဟုတ်လျှင် မြေဆွေးပုံအား ရက်အတန်ကြာထပ်မံ၍ ထားရမည်။ သတိပြုရန်လိုသည်မှာ ကောင်းစွာ မဆွေးမြေ့သော မြေဆွေးအား အသုံးပြုလျှင် အပင်အတွက် အသုံးပြုနေသော နိုက်ထရိုဂျင်ဓာတ်ကို လျော့ပါးသွားစေပါသည်။ ထို့ကြောင့်မိမိအသုံးပြုမည့် မြေဆွေးသည် ကောင်းစွာ ဆွေးမြေ့နေပြီး မည်းနက်၍ မြေဆွေးနံ့သင်းနေဖို့ လိုအပ်ပါသည်။
ဟန်ဖြိုးအောင်
......................................
No comments:
Post a Comment