Wednesday, April 4, 2018

ဝါးရုံမြေ သဘာဝမြေဩဇာ

လွယ်ကူသက်သာ ဝါးရုံမြေ သဘာဝမြေဩဇာ ဘယ်လိုပြုလုပ်မလဲ

သဘာဝဇီဝ မြေဩဇာကို လူတို့မှ ပြုပြင်ဖန်တီး ထုတ်လုပ်ရာတွင် အဆင့်နှစ်ဆင့်ဖြင့် ထုတ်လုပ်ရသည်။

ပထမအဆင့်မှာ ဝါးရုံမြေ ဒိုချက်ကင်းမှိုများ မွေးမြူခြင်းနှင့် ဒုတိယ အဆင့်မှာ ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝ မြေဩဇာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်အသုံးပြုခြင်း ဖြစ်သည်။

ပထမအဆင့် ဝါးရုံမြေ ဒိုချက်ကင်း သဘာဝ ဇီဝမှိုများ မွေးမြူရာတွင် ဝါးရုံပင်အောက်တွင်နှစ်ကြာရှည်စွာဆွေးမြေ့နေသောအပေါ်ယံဝါးရွက်ဆွေး သစ်ရွက်ဆွေးများကို တုတ်ဖြင့်သပ်ဖယ်ပြီး အောက်မှာရှိသော မြေဆွေးထု ခြောက်လက်မထုခန့် အချင်းသုံးပေအကျယ်ကို ပေါက်ပြားနှင့် တူးဆွရန် လိုပါသည်။

 မတူးဆွမီ ရေလေးဂါလံကို တင်လဲရည် (ထန်းညက်ရည်) တစ်ပုလင်းနှင့် ရောစပ်ပြီး သမအောင်မွှေထားရသည်။

ထို့နောက် ဖွဲနုသုံးပြည်ခန့်ကို ပေါက်ပြားနှင့်တူးဆွထားသော မြေဆွေးပေါ်သို့ ညီညာအောင် ဖြန့်ဖြူးပေးရန် လိုပါသည်။

မြေဆွေးနှင့် ဖွဲနုကို သမအောင် ပေါက်ပြားနှင့် မွှေပေးရပါသည်။

ထို့နောက် ၎င်းမြေဆွေး၊ ဖွဲနုအရောပေါ်သို့ တင်လဲဖျော်ရည်ကို ရေပန်းကရားဖြင့် ဖျန်းပေးပြီး သမအောင်ပေါက်ပြားနှင့် မွှေပေးရပါသည်။

တင်လဲရည်ကို အနေတော်ဖြစ်အောင် ချိန်ဆဖျန်းပေးရန် လိုပါသည်။

မြေဆွေးနှင့် ဖွဲနုအရောကို တင်လဲရည်ဖျန်းပြီး လက်နှင့်ဆုပ်ကြည့်ပါက မြေလုံးမကွဲလျှင် အနေတော်ဖြစ်သည်။ 

ဝါးရုံမြေဆွေး၊ မြေဆွေး၊ ဖွဲနု၊ တင်လဲ ရည်ဖျန်းပေးပြီးပါက မျက်နှာပြင်ညီအောင် ဖျန့်ပြီး ၎င်းပေါ်သို့ ကနဦးက ဘေးဖယ်ထားသော ဝါးရွက်ဆွေးများဖြင့် ပြန်လည်ဖုံးအုပ် ပေးထားရမည် ဖြစ်သည်။

၄င်အပေါ်မှ ပီနံအိတ်ခွံ၊ ပလပ်စတစ် စသည်များနှင့် လုံအောင်ဖုံးအုပ်ပေးထားရန် လိုအပ်ပါသည်။

စတင်အုပ်ပေးသည့်နေ့မှ လေးရက်မြောက်သောနေ့တွင် ဖုံးအုပ်ထားသော ပီနံအိတ်ခွံ၊ ပလပ်စတစ်များကို လှန်ကြည့်ပါက ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝ မှိုမျှင် ကလေးများ ဖွေးနေအောင် များစွာထွက်ရှိနေသည်ကို တွေ့ရသည်။

မှိုမျှင်များ၏အနဲ့သည် ချိုမွှေးစူးရှသည်။ လက်ဖြင့် စမ်းကြည့်ပါက အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ်မှ ၇၀ ဒီဂရီ စင်တီဂရိတ်ခန့် ရှိနေသည်ကို တွေ့ရသည်။

အပူချိန်သည် တဖြည်းဖြည်း လျော့သွားပြီး ပထမအဆင့်ပြီး ဆုံးပါသည်။

ဒုတိယအဆင့်မှာ ဝါးရုံမြေ ဒိုချက်ကင်းသဘာဝဇီဝမြေဩဇာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်အသုံးပြုခြင်းဖြစ်ပါသည်။

ပထမဦးစွာ သစ်ပင် အရိပ်အာဝါသ အောက်တွင် စပါးခွံများကို ခြောက်ပေပတ်လည်အမြင့် ခြောက်လက်မရရှိအောင် ပုံရပါမည်။

၎င်းအပေါ်မှ ကောင်းစွာဆွေးနေသော နွားချေး၊ မြေဆွေး ခြောက်လက်ထုရရှိအောင် ဖြန့်ခင်းပေးရသည်။

ထို့နောက် အပေါ်မှမွေးမြူထားသော ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇိဝမှိုများကို လက်ဖြင့်ဆယ်ဆုပ်ခန့် ညီညာအောင် ဖြန့်ပေးပြီး ရေဖျန်းပေးရန် လိုပါသည်။

ရေဖျန်းပေးပြီးပါက အပေါ်မှ ကောက်ရိုး (သို့) မြက်ခြောက်များ လုံလောက်ဖြန့်ခင်းပြီး ပိပြားသွားအောင် ခြေထောက်နှင့် နှံ့စပ်သွားအောင် နင်းပေးရသည်။

၎င်းပေါ်မှ ရေမနည်း၊ မများ ဖျန်းပေးရန် ဖြစ်သည်။

ဤသို့ ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝမြေဩဇာ ပြုလုပ်ခြင်းကို ခြောက်လက်မထု သုံးလွှာတစ်ထပ် သတ်မှတ်ပြီး အထပ်လေးထပ်၊ ငါးထပ်မြင့်အောင်၊ (အမြင့် ငါးပေခွဲ၊ခြောက်ပေ) ထိ ပြုလုပ်ရပါသည်။

၎င်းကိုမြေဆွေးတစ်ပုံဟု သတ်မှတ်ပါသည်။ နောက်ဆုံး အပေါ်ဆုံးအထပ်ပေါ်မှာ စပါးခွံနှင့် လုံအောင်ဖုံးအုပ်ပေးထားရန် ဖြစ်ပါသည်။

ပြုလုပ်ထားသော မြေဆွေးပုံပေါ်တွင် ပလပ်စတစ်၊ ပီနံအိတ်ခွံများ ဖုံးအုပ်ပေးထားနိုင်ပါက မြန်မြန်ဆွေးလွယ်ပါသည်။ မြေဆွေးပုံကို နေပူထဲတွင် မပြုလုပ်ရပါ။

မြေဆွေးပုံလုပ်ပြီး သုံးလေးရက်ကြာလျှင် အပုံထဲ၌ အပူချိန်တက်လာပါသည်။ သုံးလေးပတ်ကြာလျှင် အပူချိန် တဖြည်းဖြည်းလျော့ကျသွားပြီး နောက်ဆုံးတွင် အပူချိန် လုံးဝမရှိတော့ပါ။

အပူချိန်လျော့ကျသွားပါက အတွင်း၊ အပြင် သမသွားစေရန် အပုံကို နေရာရွှေ့ပုံ ရပါသည်။

အပုံနေရာရွှေ့သည့်အခါ ခြောက်လက် မထုရအောင် ဖြန့်ခင်းလိုက်၊ ရေဖျန်းလိုက် လုပ်ပေးရပါသည်။

အပုံပြောင်းရွှေ့ခြင်းနှစ်ကြိမ် ပြုလုပ်ပြီးသောအခါ ၉-၁၀ ပတ်ကြာ အသုံးပြု၍ ရနိုင်သော ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝမြေဩဇာကို ရရှိပါသည်။

အနံ့၊ အပူချိန်လုံးဝမရှိတော့ပါ။ ဒိုချက်ကင်း ဇီဝမှိုမျှင်ကလေးများ မြေဆွေး ပုံတစ်ပုံလုံးကို ပွားများပျံ့နှံ့၍ ဖုံးလွှမ်းနေသည်ကို တွေ့ရသည်။

သီးနှံစိုက်ခင်းများတွင် အသုံးပြုသောအခါ မြေဆီလွှာအတွင်း ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝမှိုမျှင်ကလေးများ ပွားများ ပျံ့နှံ့သွားပါသည်။ ဓာတုပစ္စည်း မပါဝင်သဖြင့် သဘာဝမြေဩဇာစစ်စစ် ဖြစ်ပါသည်။

ယခုခေတ်စားလာသော ဓာတုဓာတ် ကြွင်းကင်းစင်ရေး လုပ်ငန်းစဉ်နှင့် သဘာဝမြေဩဇာနှင့် သီးနှံထုတ်လုပ်ရေး လုပ်ငန်း စဉ်တွင် ပိုမိုအသုံးပြုသင့်ပါသည်။

ဝါးရုံမြေ ဒိုချက်ကင်း သဘာဝဇီဝမြေဩဇာသည် စိုက်ပျိုးရေးသာမက ဝက်မွေးမြူရေး၊ ကြက်မွေးမြူရေးခြံများတွင် အောက်ခံ အခင်းအဖြစ် အသုံးပြုပါက အနံ့ကင်း၊ ရောဂါကင်းစေ၍ အကျိုးများစေနိုင်ပါသည်။

မြေဆီလွှာပျက်သုဉ်းခြင်းကို ကာကွယ်ကုသရန်အတွက် အကောင်းဆုံးသဘာဝမြေဩဇာပင် ဖြစ်ပါသည်။

- အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်

No comments: