ဆိုဗီယက်အာဖဂန်စစ်ပွဲ အထွတ်အထိပ်ရောက်လာချိန်မှာ အမျိုးသမီးနဲ့ကလေးငယ် ၆သန်းဟာ ပြည်ပနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အမျိုးသားတွေဟာ လက်နက်ကိုင်တိုက်ခိုက်ဖို့ ကျန်ရစ်ခဲ့ကြပါတယ်။
စစ်ရှောင်ကလေးတွေဟာ နောက်ပိုင်းမှာ ပါကစ္စတန် ဘာသာရေးခေါင်းဆောင်တွေရဲ့ ဝါဒသွတ်သွင်းမှုကို ခံရပြီး တာလီဘန်ရယ်လို့ ဖြစ်လာကြပါတယ်။
ဆယ်စုနှစ်တခုအကြာမှာတော့ တာလီဘန်လူငယ်တွေဟာ အစ္စလာမ်မစ်နိုင်ငံဖြစ်လာစေရေး ရည်မှန်းချက်နဲ့ မွေးရပ်မြေကို ပြန်လာကြပါတယ်။
ဒီတော့ တာလီဘန်ရဲ့ ဘယ်လိုပေါ်ပေါက်ပြီး ပြောင်းလဲလာခဲ့လဲဆိုတာကို ပြောရအောင်။
စစ်ပွဲသိပ္ပံ
*******
၁၉၇၉မှာ ဆိုဗီယက်ပြည်ထောင်စုဟာ မူဂျာဟစ်သူပုန်တွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ အာဖဂန်ဒီမိုကရက်တစ်သမ္မတနိုင်ငံကို အုပ်ချုပ်နေတဲ့ အာဖဂန်ကွန်မြူနစ်ပါတီကို စစ်ရေးအရကူညီဖို့ အာဖဂန်နစ္စတန်ကို ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။
ဆိုဗီယက်တွေဟာ အင်အားကြီးတဲ့ စစ်ရေးအင်အားနဲ့ စစ်မြေပြင်ဆီရောက်လာခဲ့ပါတယ်။
ဆိုဗီယက် တင့်ကား၊ ဂျက်လေယာဥ်တွေနဲ့ အမြှောက်တပ်တွေဟာ အစိုးရကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ မူဂျာဟစ်သူပုန်တွေကို လျင်လျင်မြန်မြန် ချေမှုန်းခဲ့ပါတယ်။
ဒါပေမယ့် တိုက်ပွဲတွေ ဘယ်လောက်ပဲ နိုင်လာနိုင်လာ စစ်ပွဲတခုလုံးမှာတော့ ဆိုဗီယက်တွေ ရှုံးနေရပါတယ်။
မူဂျာဟစ်တွေဟာ တစုတစည်းထား စုစည်းထားတဲ့ အဖွဲ့အစည်းမရှိတာကြောင့် ဗဟိုပြုညွှန်ကြားမှုလည်း မရှိပါဘူး။
တစုတည်းမဟုတ်ပဲ တကွဲတပြားစီ လှုပ်ရှားနေကြတာကြောင့်လည်း သံတမန်ရေးရာနဲ့ ညှိနှိုင်းအဖြေရှာဖို့ နည်းလမ်း မရှိခဲ့ပါဘူး။
သူတို့ဟာ ကျားနဲ့ဆင်လယ်ပြင်မှာတွေ့သလို ရန်သူကို တိုက်ရိုက်မရင်ဆိုင်ကြပဲ ဗျူဟာကျပထဝီဝင်အနေအထားရှိတဲ့နေရာတွေမှာသာ တိုက်ခိုက်လေ့ရှိပါတယ်။
ဒါကြောင့် မူဂျာဟစ်ပြောက်ကြားတပ်တွေဟာ တိုက်ချင်တဲ့အချိန် ဝင်တိုက်ပြီး ထူထပ်တဲ့တောင်တွေထဲကို အချိန်မရွေး တပ်ပြန်ဆုတ်နိုင်ပါတယ်။
ဆိုဗီယက်တင့်ကားတွေနဲ့ သံချပ်ကာတပ်တွေဟာလည်း လုံခြုံမှုမရှိတဲ့ ကုန်းမြင့်တွေဆီကို လိုက်လံ မချေမှုန်းနိုင်ပါဘူး။
မူဂျာဟစ်တွေဟာ ငှက်တွေရဲ့ ပျံပုံကိုကြည့်ပြီး လေကြောင်းရန်ကို ခန့်မှန်းနိုင်ခဲ့တာကြောင့် ဆိုဗီယက်ဂျက်လေယာဥ်တွေဟာ မထိရောက်ခဲ့ပါဘူး။
ငှက်တွေအုပ်လိုက်ပျံတက်သွားရင် ပြောက်ကြားတပ်တွေဟာလည်း တခုခုဖြစ်တော့မယ်ဆိုတာကို ကြိုသိပြီး အကာအကွယ်ကြိုရှာကြပါတယ်။
ဆိုဗီယက်တွေဟာ တစ္ဆေသရဲတွေနဲ့ တိုက်ခိုက်နေရပြီး တိုက်ပွဲအများစုမှာ ကောင်းကောင်းပညာပြခံနေရပါတယ်။
စစ်ပွဲရဲ့အစပိုင်းမှာတော့ ဆိုဗီယက်စစ်တပ်ဟာ ကျောက်တုံးတွေ ဖုန်မှုန့်တွေကိုသာ ပစ်နေရပြီး ဒီလိုတိုက်ပွဲမျိုးတွေမှာ ဆိုဗီယက်တွေရဲ့ စစ်လက်နက်အားလုံးလိုလိုဟာ အသုံးမဝင်ဘူးဖြစ်နေပါတယ်။
တခုကလွဲလို့ အားလုံးလိုလိုပေါ့။
ဒီလက်နက်ကတော့ Mi-24 gunship တိုက်ခိုက်ရေးရဟတ်ယာဥ်ပါပဲ။
ဒီရဟတ်ယာဥ်ဟာ အသေးစားကျည်ဆံတွေကို ခံနိုင်တဲ့ သံချပ်ကာရှိပြီး လေပေါ်မှာပျံဝဲရင်း ရန်သူတွေကို ဒုံးကျည်တွေနဲ့ ချေမှုန်းနိုင်ပါတယ်။
ဒါပေမယ့် အမေရိကန်တွေဟာ မူဂျာဟစ်တွေကို မြေပြင်ကနေ ဝေဟင်ပစ် stinger မစ်ဆိုင်းဒုံးကျည်တွေ ထောက်ပံ့ပေးလိုက်ချိန်မှာတော့ ပွဲပြီးသွားရပါပြီ။
ဘောဂဗေဒကို ကြည့်ရအောင်။
stingerတခုဟာ ထုတ်လုပ်ဖို့ ၄၀,၀၀၀ဒေါ်လာအောက်သာ ကုန်ကျပြီး Mi-24 ရဟတ်ယာဥ်ကတော့ ဒေါ်လာ ၁၀သန်းလောက် ကုန်ကျပါတယ်။
မကြာခင်မှာပဲ အာဖဂန်တပ်တွေဟာ ဒီလက်နက်တွေနဲ့ တနေ့ကို ရဟတ်ယာဥ်နှစ်စင်းလောက် ပစ်ချနိုင်နေပါတယ်။
၁၉၈၅မှာတော့ ဆိုဗီယက်ခေါင်းဆောင်ပိုင်းဟာ စစ်ရေးကုန်ကျမှုဟာ တာရှည်မခံနိုင်ဘူးဆိုတာကို နားလည်လာကြပါတယ်။
မူဂျာဟစ်တွေဟာ ဒီလက်နက်သစ်တွေကြောင့် တိုက်ဖို့ ခက်လာရုံသာမက မူဂျာဟစ်တွေဟာ ကျေးလက်ဒေသက သာမန်အာဖဂန်တွေနဲ့လည်း တူပါတယ်။
မူဂျာဟစ်တိုက်ခိုက်ရေးသမားတွေဟာလည်း လယ်သမားဆင်းရဲသားတွေဖြစ်ပြီး ဆိုဗီယက်ကိုသာ မတိုက်နေရရင် သူတို့ရဲ့ယာမြေတွေရိတ်သိမ်းရင်း နေ့စဥ်ဘဝကို နေထိုင်နေရပါပြီ။
ဆိုဗီယက်စစ်ရေးသမားတွေဟာလည်း စစ်ရေးဗျူဟာအရ အကျပ်ရိုက်နေတဲ့ အနေအထားကို ကြုံနေရပြီးချိန်မှာတော့ အစွန်းရောက်ဝါဒကို စွဲကိုင်လာပါတော့တယ်။
အာဖဂန်ပြောက်ကြားတပ်တွေဟာ သာမန်ကျေးလက်အာဖဂန်လူထုနဲ့ လုံးဝခွဲခြားလို့မရတာကြောင့် နှစ်ခုလုံးကို ရန်သူတိုက်ခိုက်ရေးသမားအနေနဲ့ ဆက်ဆံဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
နိုဗယ်ဆုပိုင်ရှင် ဆိုဗီယက်ခေါင်းဆောင် မီခိုင်းဂေါ်ဘယ်ချော့ကိုယ်တိုင်လည်း အစုလိုက်အပြုံလိုက်မောင်းထုတ်ရေး အစီအစဥ်ချခဲ့ပါတယ်။
လာမယ့်နှစ်တွေမှာတော့ ဆိုဗီယက်စစ်တပ်ဟာ မရေမတွက်နိုင်တဲ့ ကျေးရွာတွေကို ဗုံးကြဲခဲ့ပြီး စက်ရုံတွေကိုလည်း ပိတ်သိမ်းတာ၊ မွေးမြူရေးတိရစ္ဆာန်တွေကိုပါ အဓမ္မလုယက်တာ၊ ယာမြေတွေမှာ မြေမြှုပ်မိုင်းတွေထောင်တာစတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီကာလတုန်းက မြေမြှုပ်မိုင်းတော်တော်များများဟာ ယခုထိရှိနေဆဲဖြစ်တာကြောင့် အမှန်တကယ် သီူနှံစိုက်ပျိုးလို့ရမယ့် မြေဟာ အာဖဂန်ဟာ တော်တော်ကြီးရှားပါးတဲ့အရာ ဖြစ်နေရပါတယ်။
ဒီအစွန်းရောက်ဝါဒီစပြီးတဲ့ ပထမတနှစ်မှာပဲ အာဖဂန်ပြည်သူတသန်းကျော် သေဆုံးခဲ့ရပါတယ်။
အရက်စက်ဆုံးနည်းလမ်းတခုကတော့ ဆိုဗီယက်ရဲ့ (toy mine) ကစားစရာအရုပ်မိုင်းတွေပါပဲ။
ဒါတွေဟာ ကလေးသူငယ်တွေကို လာကောက်မိအောင် ပြုလုပ်ထားတာဖြစ်ပြီး ကိုယ်လက်အင်္ဂါတွေ ချို့တဲ့စေတဲ့အထိ ပေါက်ကွဲအားပြင်းထန်ပါတယ်။
ဒါရဲ့နောက်ကွယ်က အကြောင်းရင်းကတော့ ဒဏ်ရာရနေတဲ့ မိသားစုတွေဟာ ပိုပြီးခုခံနိုင်စွမ်းရှိတော့မှာ မဟုတ်တာကြောင့်ပါပဲ။
ဒီစစ်ပွဲဟာ ဒီလောက်ထိရက်စက်တဲ့ စစ်ပွဲမျိုးဖြစ်ခဲ့ပါတယ်။
ဒါတွေရဲ့ အဓိကရည်မှန်းချက်ကတော့ ကျေးလက်နေလူထုကို ဆိုဗီယက်တွေ ထိန်းချုပ်ထားနိုင်တဲ့ မြို့ပြပေါ် ရွှေ့ပြောင်းစေဖို့ပါ။
ကာဘူးလ်မြို့လူဦးရေဟာလည်း သုံးဆနီးပါး တိုးလာခဲ့ပေမယ့် အာဖဂန်ပြည်သူ ၆သန်းကျော်လောက်ကတော့ ပြည်ပအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်နဲ့ အီရန်နိုင်ငံတွေဆီကို ထွက်ပြေးခဲ့ရပါတယ်။
စစ်ရှောင်ဒုက္ခသည်တွေထဲမှာ ကလေးသူငယ်တွေဟာ အဆမတန်များပါတယ်။
ဒီကလေးငယ်တွေကို မှတ်ထားပါ။
ဘာလို့လဲဆိုတော့ တနေ့ကျရင် သူတို့ပြန်လာမှာ မို့လို့ပါ။
စစ်ဘေးရှောင်တွေကတော့ မိသားစုစုံစုံလင်လင် မရှိပါဘူး။
အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ လူအိုတွေဟာ သူတို့ရဲ့နေရပ်တွေကို စွန့်ခွာခဲ့ပြီး အရွယ်ရောက်အမျိုးသားတွေကတော့ နေရပ်ကိုကာကွယ်ဖို့ နေရစ်ခဲ့ကြရပါတယ်။
တိုက်နိုင်ခိုက်နိုင်တဲ့အရွယ်ဖြစ်ရင် ဘယ်သူမဆို ရိုင်ဖယ်သေနတ်ကိုင်ပြီး ပြည်ပကျူးကျော်သူတွေရှိရာ အရပ်ကို ချိန်ရွယ်ထားရပါတယ်။
အာဖဂန်ဟာ တိုက်ပွဲတွေနဲ့ ရင်းနှီးနေပြီးသား နိုင်ငံတခုဖြစ်ပေမယ့် ဒီလောက်ထိ ရက်စက်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုပုံစံ စစ်ပွဲမျိုးကတော့ အရင်က လုံးဝမမြင်ဖူးတဲ့ အနေအထားမျိုးပါပဲ။
အာဖဂန်အတွက်တော့ ဒါဟာ ပြင်ပကျူးကျော်သူတွေနဲ့ တိုက်ရတဲ့ စစ်ပွဲမဟုတ်တော့ပါဘူး။
ရှင်သန်ရပ်တည်ရေးအတွက် တိုက်ရတဲ့စစ်ပွဲဖြစ်နေပါပြီ။
မိသားစုတွေဟာ တကွဲတပြားစီ ဖြစ်ကုန်ကြရတာနဲ့အမျှ အာဖဂန်နစ္စတန်ဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ မရှိတော့တဲ့ နိုင်ငံဖြစ်လာရပါတယ်။
ဒါဟာ ကြီးမားတဲ့ အချိုးအကွေ့တခုပါပဲ။
အာဖဂန်ယဥ်ကျေးမှုဟာ ဖိုဝါဒီကြီးစိုးပေမယ့်လည်း မိသားစုဆိုတဲ့ အချုပ်အနှောင်ဟာ ဒီအပြုအမူကို ထိန်းချုပ်ပေးထားပါတယ်။
အမျိုးသားတွေဟာ စရိုက်ကြမ်းကြလေ့ရှိပါတယ်။
ဒါပေမယ့်လည်း ဂုဏ်ယူမှု၊ ချစ်မြတ်နိုးမှု၊ ရက်ရောမှုနဲ့ အကာအကွယ်ပေးနိုင်မှုစတဲ့ အမူအရာတွေကိုလည်း ဗီဇအားဖြင့် ပြသနိုင်ပါတယ်။
သူတို့ရဲ့မိသားစုတွေနဲ့ နှစ်ချီအဆက်အသွယ်ပြတ်နေပြီးတဲ့နောက်မှာ အာဖဂန့တိုက်ခိုက်ရေးသမားတွေဟာ စိတ်ခံစားမှုပိုင်းမှာ ဝေဒနာဖြစ်လာကြရပါတယ်။
မူဂျာဟစ်ပြောက်ကြားတိုက်ခိုက်ရေးသမား အများစုဟာ တခြားအရွယ်ရောက်ပြီး အမျိုးသားတွေနဲ့ပဲ စိတ်ကူးယဥ်ကြည့်လို့ရတဲ့ အကြမ်းတမ်းဆုံး အနေအထားမျိုးတွေမှာ နေထိုင်ကြရပါတယ်။
စစ်ပွဲဟာ အမျိုးသားတွေကို ပြောင်းလဲနိုင်ပါတယ်။
အာဖဂန်နစ္စတန်မှာတော့ သန်းချီပြောင်းလဲစေခဲ့ပါတယ်။
ဝံပုလွေတွေဆီခိုလှုံခြင်း
******************
ပါကစ္စတန်နိုင်ငံ ပက်ရှဝါမြို့မှာတော့ ပါရှတွန်လူမျိုးတွေဟာ စုပေါင်းအလှူငွေကောက်ခံမှုတွေလုပ်၊ လက်နက်တွေစုဆောင်းပြီး အာဖဂန်နစ္စတန်က သူတို့လူမျိုးတွေနဲ့အတူတိုက်ဖို့ ဆန္ဒအလျောက်ပါဝင်တိုက်ခိုက်လိုသူတွေကို စုဆောင်းခဲ့ပါတယ်။
မကြာခင်မှာပဲ အဖွဲ့၈၅ဖွဲ့လောက် ပေါ်လာပြီး အားလုံးဟာ မြင့်မြတ်တဲ့စစ်ပွဲတခုကို တိုက်ခိုက်နေတယ်လို့ မှတ်ယူထားကြပါတယ်။
Interservice Intelligence သို့မဟုတ် အတိုကောက်အခေါ် ISI ဟာ ဒီအခြေအနေကို ကိုင်တွယ်ခဲ့ပါတယ်။
ဒီမတိုင်ခင်ကတော့ ISIဟာ ပါကစ္စတန်နိုင်ငံရေးမှာ အသေးစားကစားသမားပါပဲ။
ဒါပေမယ့် အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျကနေ အာဖဂန်စစ်ပွဲကို ထောက်ပံ့ဖို့ အထောက်အပံ့များစွာ ရချိန်မှာတော့ ISIဟာ ပါကစ္စတန်ရဲ့ နိုင်ငံရေးလောကထဲမှာ ထိပ်ရောက်လာခဲ့ပါတယ်။
ISIဟာ ငွေကြေး၊ လက်နက်နဲ့ ဆန္ဒအရပါဝင်တိုက်ခိုက်သူတွေကို သူသဘောကျတဲ့ ပါကစ္စတန်အခြေစိုက် အဖွဲ့တွေဆီဖြန့်ဖြူးပေးခဲ့ပြီး နယ်စပ်ကနေတဆင့် အာဖဂန်နစ္စတန်ဆီကို ပို့ပေးခဲ့ပါတယ်။
ပါကစ္စတန်ကအဖွဲ့တိုင်းဟာ ခေါင်းဆောင်အမည်ခံထားကြပြီး အဖွဲ့တိုင်းဟာ အစွန်းရောက် အစ္စလာမ်မစ်ရှုထောင့်နဲ့ အာဖဂန်စစ်ပွဲအပေါ် ဘယ်လောက်ထိ ယုံကြည်ချက်ရှိရှိ သံဒိတ်ဌာန်ချမှတ်ထားကြောင်း သက်သေပြလိုကြပါတယ်။
အာဖဂန်စစ်ပွဲဆက်အရှိန်ရလာတာနဲ့အမျှ ပါကစ္စတန်က အုပ်စုတွေဟာ ဘာသာရေးနဲ့ နိုင်ငံရေးမှာအစွန်းရောက်လွန်းတဲ့ အမြင်မျိုးရှိလာကြပြီး အဖွဲ့တိုင်းဟာလည်း တဖွဲ့ထက်တဖွဲ့ ပိုပြီးအစွန်းရောက်လာကြပြီး အစ္စလာမ်မစ် အစွန်းရောက်ဝါဒီဟာ မူဂျာဟစ်တွေအဖို့ လက်ခံယုံကြည်မှုသစ်ဖြစ်လာရပါတယ်။
၁၉၈၈မှာတော့ ဆိုဗီယက်စစ်ယန္တရားကြီးဟာ ဆက်ပြီး မတောင့်ခံနိုင်တော့ပဲ တပ်ဆုတ်ခဲ့ပါတော့တယ်။
ဆိုဗီယက်တွေဟာ သူတို့ရဲ့ အာဖဂန်ကွန်မြူနစ်မဟာမိတ်တွေကို ဝံပုလွေတွေရဲ့ လက်ထဲအပ်လိုက်ပြီး ကာဘူးလ်က အစိုးရဟာလည်း ကြံရာမရပဲ ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ ကြိုးစားခဲ့ပေမယ့်လည်း သဲထဲရေသွန်သာဖြစ်လာခဲ့ပါတယ်။
သွေးချောင်းစီးခဲ့ရပြီးတဲ့နောက်မှာတော့ ဆိုဗီယက်အထောက်အပံ့မရှိတော့ချိန်မှာ ကာဘူးလ်အစိုးရဟာ ဆွေးနွေးညှိနှိုင်းရေးအတွက် အင်အားအရှိန်အဝါမရှိတော့ပါဘူး။
ဆက်ခုခံဖို့ လုံလောက်တဲ့ ဆိုဗီယက်စစ်လက်နက်တွေရှိနေပေမယ့်လည်း ၁၉၉၂မှာတော့ အားလုံးပြိုလဲသွားရပါပြီ။
မူဂျာဟစ်တွေဟာ ကာဘူးလ်ကိုသိမ်းပြီး ကွန်မြူနစ်အစိုးရကို ဖြုတ်ချလိုက်ပါတော့တယ်။
ဒါပေမယ့် ကာဘူးလ်ကိုရောက်တာနဲ့ မူဂျာဟစ်အုပ်စုတွေဟာ တဖွဲ့နဲ့တဖွဲ့ ဆတ်တောက်ဆတ်တောက်ဖြစ်လာကြပြီး မတူညီတဲ့ မြို့တော်ရဲ့အစိတ်အပိုင်းတွေကို သိမ်းပိုက်စပြုလာကြပြီး တဖွဲ့နဲ့တဖွဲ့ ထောင်ချီတဲ့ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြပါတော့တယ်။
ဒီပစ်ခတ်သတ်ဖြတ်မှုတွေဟာ ကာဘူးလ်ကို တစစီဖြစ်စေခဲ့ပြီး မြို့တော်ရဲ့တဝက်လောက်ဟာ အပျက်အစီးပုံတွေ ဖြစ်ခဲ့ရပါတယ်။
တခြားမြို့တွေမှာလည်း ဒီလိုမျိုး အဖြစ်အပျက်တွေဖြစ်ခဲ့ပြီး တဖွဲ့နဲ့တဖွဲ့ အပြိုင်အဆိုင်ပြန်ဖြစ်ကုန်ကြပြီး မူဂျာဟစ်အဖွဲ့တွေဟာ တဖွဲ့နဲ့တဖွဲ့ သေနတ်ပြောင်းဝတေ့ကုန်ကြပြီး သူတို့သိမ်းပိုက်ထားတဲ့နယ်တွေကို ဆက်လက်ချုပ်ကိုင်ဖို့ အားပြိုင်တိုက်ခိုက်လာကြပါတယ်။
လိုရင်းပြောရရင်တော့ ဆိုဗီယက်တွေဟာ ကျေးလက်ဒေသကို ဖျက်ဆီးခဲ့တဲ့ပုံစံအတိုင်း မြို့ကြီးတွေကို ဖျက်ဆီးခဲ့ပါတယ်။
မကြာခင်မှာပဲ ပရမ်းပတာဖြစ် ပြိုကွဲပျက်စီးမှုတွေဟာ အာဖဂန်နစ္စတန်ကို လွှမ်းခြုံသွားခဲ့ပြီး အာဖဂန်နစ္စတန်တလျောက်လုံးမှာ အသေးစား စစ်ဘုရင်ဆန်ဆန်နယ်တွေပေါ်လာပြီး ကျန်ရှိနေသေးတဲ့လမ်းတွေတိုင်းမှာလည်း စစ်ဆေးရေးဂိတ်တွေ ပေါ်လာပါတယ်။
ဆိုဗီယက်ရဲ့ လူဦးရေရှင်းလင်းရေးဗျူဟာကြောင့် နေရပ်တွေကို စွန့်ခွာပြေးခဲ့ရတဲ့ ကလေးငယ်တွေကို မှတ်မိကြမယ်ထင်ပါတယ်။
ဒီကလေးငယ်တွေအဖို့လည်း ဘဝဟာ မချောမွေ့ခဲ့ပါဘူး။
ကလေးဘဝကာလတော်တော်များများမှာ စစ်ရှောင်စခန်းတွေမှာ ကြီးပြင်းခဲ့ရပြီး သူတို့အဖို့ ဖခင်လိုဦးဆောင်လမ်းပြပေးမယ့်သူမရှိခဲ့ပဲ သူတို့သိတာဆိုလို့ ဆင်းရဲကျပ်တည်းမှုပဲ ရှိခဲ့ပါတယ်။
အာဖဂန်ကလေးသူငယ်မျိုးဆက်တခုလုံးဟာ ဒီစစ်ရှောင်စခန်းတွေမှာ ကြီးပြင်းခဲ့ရပြီး သူတို့အနေနဲ့ စိတ်လွတ်မြောက်ရာဆိုလို့ တနေရာပဲ ရှိခဲ့ပါတယ်။
ပါကစ္စတန်မဒရာဆာ(Madrassa)ကျောင်း (ဘာသာရေးကျောင်း) တွေပါပဲ။
ဒါတွေဟာ အခမဲ့ပညာရေးထောက်ပံ့တဲ့ ဘာသာရေးကျောင်းတွေဖြစ်ပြီး ကလေးငယ်တွေကို ပုံမှန်ဘဝကိုနေနေရတဲ့စိတ်ခံစားချက်ရစေပြီး လုပ်ငန်းဆောင်တာတွေနဲ့ သူတို့ကိုးကွယ်ယုံကြည်အားထားစရာ တခုခုရှိအောင် လုပ်ပေးပါတယ်။
ဒီကျောင်းတွေဟာ ပါကစ္စတန်ရဲ့ အစ္စလာမ်မစ်ပါတီတွေလက်အောက်မှာ အလုပ်လုပ်တဲ့ ဘာသာရေးခေါင်းဆောင်တွေက စီမံပြီး ISIနဲ့လည်း နီးနီးကပ်ကပ်ရှိပြီး ထောက်ပံ့ငွေတွေဟာလည်း ကျိကျိတက်ချမ်းသာတဲ့ ဆော်ဒီမိသားစုတွေဆီက လာပါတယ်။
အာဖဂန်နယ်စပ်က ပါကစ္စတန်နယ်နိမိတ်တွင်းမှာ ဒီလိုမျိုးမဒရာဆာကျောင်းပေါင်း နှစ်ထောင်လောက်ရှိပြီး ခန့်မှန်းခြေ ကလေးသူငယ်ပေါင်း ၂၂၀,၀၀၀လောက် ဒီကျောင်းတွေမှာ ပညာသင်ပါတယ်။
အခုဆိုရင် ဒါဘယ်ကိုသွားနေလဲဆိုတော့ ခင်ဗျားမြင်ရလောက်မှာပါ။
စစ်ရှောင်ကလေးတွေဟာ ကမ္ဘာ့သတင်းတွေနဲ့ လုံးဝအဆက်ပြတ်နေပြီး (အစ္စလာမ်မစ်အစွန်းရောက်) "ဝါဟာဘီ" (Wahabi) ယုံကြည်မှုထဲကို သွတ်သွင်းခံရပါတယ်။
ဒီကျောင်းသားတွေဟာ သူတို့ဟာ ကမ္ဘာကြီးကို ဆိုးယုတ်မှုတွေကနေ ကယ်တင်ရမယ့် ကံကြမ္မာရှိတယ်လို့ အယုံသွင်းခံရပါတယ်။
သူတို့မရင်းနှီးတာမှန်သမျှကို ဆိုးယုတ်တယ်လို့ သတ်မှတ်ထားတဲ့ ဆိုးယုတ်မှုပေါ့။
ဒီမဒရာဆာကျောင်းအများစုဟာ ဘာသာရေးအပြင် တိုက်ခိုက်ရေးစွမ်းရည်တွေကိုပါ သင်ကြားပေးတာကြောင့် ဒီကျောင်းသားတွေဟာ ကမ္ဘာကြီးကို ဖျက်ဆီးမယ့်အရာကို တိုက်ခိုက်နေရတဲ့ ရှုထောင့်မျိုးကိုပါ ရိုက်သွင်းလိုက်ပြီးသားဖြစ်သွားပါတယ်။
ဒီကျောင်းသားတွေဟာ တာလီဘန်တွေဖြစ်လာကြပါတယ်။
တာလီဘန်ဆိုတဲ့ စကားလုံးဟာ အာရေဗျဘာသာမှာ ကျောင်းသားဆိုတဲ့စကားလုံးရဲ့ အများကိန်းဖြစ်ပါတယ်။
ကန်ဒဟာ(Kandahar)ဆိုတဲ့ အာဖဂန်မြို့မှာ Mullah Omar ဆိုတဲ့ တာလီဘန်ဘာသာရေးသမားတယောက်ဟာ လူငယ်တစုကို ဦးဆောင်ပြီး မူဂျာဟစ်တွေ ထိန်းချုပ်ထားတဲ့ ခရိုင်တွေကို သိမ်းပိုက်ဖို့စည်းရုံးခဲ့ပါတယ်။
ဒေသခံတွေအတွက်ကတော့ ဒါဟာ လက်ဖွင့်ကြိုဆိုရမယ့် အပြောင်းအလဲတခုလိုပါပဲ။
မူဂျာဟစ်အုပ်စုအသေးစားတွေဟာ ခြိမ်းခြောက်ငွေညှစ်မှု၊ အနှောင့်အယှက်ပေးမှုနဲ့ ကွပ်မျက်မှုတွေကို လုပ်ဆောင်ကြပါတယ်။
ဒါပေမယ့် တာလီဘန်လူငယ်တွေအဖို့ကတော့ မုဒိန်းသမားတွေကို ကြိုးပေး၊ သူခိုးတွေကို ခြေလက်ဖြတ်တောက်ပြီး တခြားရာဇဝတ်မှုလုပ်သူတွေကိုလည်း သက်ဆိုင်သလို အပြစ်ပေးခဲ့ပါတယ်။
ဒီအချိန်မှာတော့ အာဖဂန်ပြည်သူအများစုအဖို့ တာလီဘန်ဟာ ယခင်မူဂျာဟစ်အဖွဲ့တွေနဲ့ယှဥ်ရင် တည်ငြိမ်အေးချမ်းမှုကို ယူဆောင်လာပေးတဲ့သူတွေလို့ ရှုမြင်ခံခဲ့ရပါတယ်။
ကန်ဒဟာက အဖြစ်အပျက်ဟာ ပါကစ္စတန်လုံခြုံရေးယန္တရားရဲ့ မျက်စိကျစရာဖြစ်လာခဲ့ပြီး မကြာခင်မှာပဲ ISIဟာ တာလီဘန်ကို လက်နက်၊ ငွေကြေးအထောက်အပံ့နဲ့ စစ်ရေးသင်တန်းတွေ ဆက်ပေးခဲ့ပါတယ်။
၁၉၉၄မှာတော့ တာလီဘန်ဟာ အာဖဂန်-ပါကစ္စတန်နယ်စပ်က စစ်ဆေးရေးဂိတ်တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး ကုန်ပစ္စည်းတွေကို အာဖဂန်ဈေးကွက်ထဲဝင်ရောက်လာစေခဲ့ပါတယ်။
လမ်း၊တံတားဖြတ်သန်းခတွေလည်း မရှိတော့တာကြောင့် ကုန်ပစ္စည်းဈေးတွေဟာလည်း သက်သာခဲ့ပါတယ်။
နောက်မှာတော့ တာလီဘန်ဟာ ကန်ဒဟာကို လုံးဝ သိမ်းနိုင်ခဲ့ပြီး အမြောက်၊ တင့်ကား၊ ရဟတ်ယာဥ်နဲ့ ရေဒီယိုပစ္စည်းတွေအပြင် သေနတ်တွေ၊ ကျည်ဆံတွေနဲ့ ပိုက်ဆံတွေကိုပါ ထရပ်ကားလိုက်တွေ ရရှိခဲ့ပါတယ်။
တဖက်မှာတော့ ပါကစ္စတန်ဟာ အာဖဂန် စစ်ရှောင်စခန်းတံခါးတွေကို ဖွင့်ပေးလိုက်ပြီး တာလီဘန်ကျောင်းသားတွေကို အာဖဂန်နစ္စတန်ထဲ ပြန်လည်ဝင်ရောက်လာစေခဲ့ပါတယ်။
ဘီလီယံချီတဲ့ အာဖဂန်တွေဟာ မူဂျာဟစ်လူရမ်းကားတွေအောက်မှာ ကြောက်ရွံ့ထိတ်လန့်နေရတဲ့ဘဝတွေကို နေထိုင်ရတာကြောင့်လည်း အစပိုင်းမှာ အာဖဂန်တွေဟာ တာလီဘန်တွေကို ကြိုဆိုခဲ့ပါတယ်။
အာဖဂန်တွေဟာ ကယ်တင်ရှင်ကို မျှော်နေကြပြီး တာလီဘန်တွေဟာ ဒီကဏ္ဍကို နေရာယူနိုင်ခဲ့ပါတယ်။
ကန်ဒဟာအပြီးမှာတော့ တာလီဘန်ဟာ တမြို့ပြီးတမြို့ မူဂျာဟစ်တွေကို မောင်းထုတ်နိုင်ခဲ့ပါတယ်။
၁၉၉၅မှာတော့ ဟရာဒ့်(Herat)မြို့ကိုသိမ်းပြီး အာဖဂန်မြို့တော် ကာဘူးလ်ဆီကို ဦးတည်နေပါပြီ။
အိမ်ထဲရောက်လာတဲ့သူစိမ်း
********************
၁၉၉၆စက်တင်ဘာနှောင်းပိုင်းမှာတော့ ကာဘူးလ်မြို့နေသူတွေဟာ သူတို့ရဲ့လမ်းတွေမှာ အနက်ရောင် တာဘန်တွေဆောင်းထားတဲ့ လူငယ်တွေ ကင်းလှည့်နေတာကို တွေ့နေရပါပြီ။
တာလီဘန်တွေဟာ ရုရှားတွေလိုပဲ ပြင်ပကလူတွေလို ဖြစ်နေကြပါတယ်။
သူတို့ဟာ မတူညီတဲ့ (dialect)ဒေယိယစကားကိုပြောကြပြီး ဝေးကွာလွန်းတဲ့ဒေသတွေမှာ ပညာသင်လာခဲ့ကြပြီး ၁၉၈၀ပြည့်နှစ်အလယ်လောက်က စစ်ရှောင်မိသားစုတွေကနေ ဆင်းသက်လာပါတယ်။
တာလီဘန်ဟာ အာဏာရလာတာနဲ့တပြိုင်နက် လက်တွေ့မျှော်လင့်ထားသမျှဟာ တိမ်မြှုပ်ကုန်ရပါတယ်။
အမျိုးသမီးတွေဟာ ပြင်ပလူ့အဖွဲ့အစည်းမှာ ပါဝင်ဖို့ တားမြစ်ခံရပြီး သူခိုးတွေဟာ လက်ပြတ်ခြေပြတ် ဖြစ်ရသလို သီချင်း၊ ဇာတ်ကားနဲ့ ဓာတ်ပုံတွေကအစ တားမြစ်ပိတ်ပင်ခံရပြီး ရုပ်ရှင်ရုံတွေဟာ ပလီအဖြစ်အပြောင်းခံခဲ့ရပါတယ်။
ဗီဒီယိုစတိုးတွေကိုလည်း မီးရှို့ဖျက်ဆီးပြီး tvတွေကို ရိုက်ခွဲဖျက်ဆီးခဲ့ပါတယ်။
လောင်းကစားလုပ်ခြင်းဟာ တရားမဝင်ဖြစ်သွားပြီး အိမ်မွေးတိရစ္ဆာန်တွေ မွေးခြင်းဟာလည်း တားမြစ်ပိတ်ပင်ခံရပြီး အစ္စလာမ်ဘာသာရေးမဟုတ်တဲ့ ပွဲတော်တွေ ဆင်နွှဲခြင်းဟာ ရာဇဝတ်မှုအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဓလေ့ထုံးတမ်းအစဥ်အလာတွေကိုတောင် စွန်လွှတ်တာကအစ တားမြစ်ခံရပါတယ်။
အမျိုးသား၊အမျိုးသမီးတိုင်းဟာ Shariaဘာသာရေးအတိုင်း အဝတ်အစားကို ဝတ်ဆင်ရပြီး အမျိုးသားတိုင်း မုတ်ဆိတ်ထားရပြီး သတ်မှတ်ထားတဲ့အချိန်မှာ ဝတ်ပြုဖို့ပျက်ကွက်သူမှန်သမျှဟာ အပြစ်ပေးခံရပါတယ်။
အာဖဂန်နစ္စတန်ဟာ အကြွင်းမဲ့အာဏာရှင်နိုင်ငံတခုဖြစ်လာပါတယ်။
ကမ္ဘာ့နိုင်ငံတော်တော်များများကတော့ အရှေ့ဥရောပက ကွန်မြူနစ်နိုင်ငံတွေ ကျဆုံးတဲ့ အဖြစ်အပျက်တွေကြောင့် အာဖဂန်က အဖြစ်အပျက်တွေကို မျက်ကွယ်ပြုခဲ့ကြပါတယ်။
အမေရိကန်ဥပဒေပြုသူတွေဟာ တာလီဘန်နဲ့ပတ်သက်လို့ အနည်းငယ်သာ သိကြပြီး အများစုဟာ ဆော်ဒီအာရေးဘီးယားလို ပြောင်းလဲပေါ်ပေါက်လာမယ်လို့ ထင်ခဲ့ကြပါတယ်။
အိမ်ဖြူတော်အတွက်ကတော့ ဒါဟာ ပုံမှန်လို စီးပွားရေးလုပ်လို့ရမယ့် အနေအထားမျိုးပါပဲ။
ဒါပေမယ့် ၁၉၉၈မှာ အာရပ်-အာဖဂန် မူဂျာဟစ် အုပ်စုတစုဖြစ်တဲ့ အယ်လ်ကိုင်းဒါးဟာ အမေရိကန်ပြည်ထောင်စုကို စစ်ကြေညာပြီးနောက်မှာတော့ ဒီရှုထောင့်ဟာ လျင်မြန်စွာပြောင်းလဲသွားရပါတယ်။
အမေရိကန်ဥပဒေပြုသူတွေဟာ အငိုက်မိသလိုဖြစ်သွားပြီး ပါကစ္စတန်ဥပဒေပြုသူတွေကို ဒီအခြေအနေကို စုံစမ်းဖို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ဒီအချိန်မှာတော့ ပါကစ္စတန်ဟာ တာလီဘန်အပေါ် လွှမ်းမိုးမှုမရှိတော့ပါဘူး။
ဒါ့အပြင် တာလီဘန်ရဲ့ ပါရှတွန်လူမျိုးကြီးဝါဒကျင့်သုံးမှုဟာ ပါကစ္စတန်ရဲ့ နိုင်ငံဂုဏ်သိက္ခာကိုပါ ထိခိုက်လာစေပါတယ်။
ISIဟာ ဒီလိုပြောင်းလဲမှုဖြစ်လာမယ်လို့ မခန့်မှန်းနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ISIရဲ့ ရာထူးနိမ့်အေးဂျင့်တွေကိုယ်တိုင် တာလီဘန်တွေနဲ့ အတူအလုပ်လုပ်ခဲ့ပြီး တာလီဘန်တွေအပေါ် ပုဂ္ဂိုလ်ရေးကရုဏာတွေရှိလာပါတယ်။
လက်တွေ့မှာလည်း ဒီISIအေးဂျင့်တွေဟာ တာလီဘန်အဖွဲ့ဝင်တွေလိုပဲ ပါကစ္စတန်မျိုးချစ်တွေဖြစ်နေပါတယ်။
ပါကစ္စတန်ခေါင်းဆောင်ပိုင်းဟာ သူတို့ဟာ မကောင်းဆိုးဝါးကို ဖန်တီးခဲ့မိကြောင်း သတိရလာကြပါတယ်။
တာလီဘန်ဝါဒီဟာ ISIရဲ့ အောက်ခြေအေးဂျင့်တွေဆီပါ ကူးစက်နေပြီးဖြစ်ပြီး အစ္စလာမ်မာဘတ် (Islamabad)က အစိုးရဟာ ISIရဲ့ အောက်ခြေအေးဂျင့်တွေက အမိန့်မနာခံတော့ပဲ အာဏာသိမ်းမှာကိုပါ ကြောက်ရွံ့လာရတာကြောင့် တာလီဘန်နဲ့ပတ်သက်ပြီး တခုခုလုပ်ဖို့ လက်တွန့်လာရပါတယ်။
ဒီအဖြစ်အပျက်တွေဟာ တာလီဘန်ကို ထင်ရာစိုင်းခွင့်ပေးလိုက်သလိုဖြစ်ခဲ့ပြီး တာလီဘန်ဝါဒီ ဒါမှမဟုတ် ပါရှတွန်လူမျိုးကြီးဝါဒီဟာ အာဖဂန်-ပါကစ္စတန်နယ်စပ်တလျောက်လုံးကို ကူးစက်ခဲ့ပါတယ်။
တာလီဘန်ဟာ သူကြိုက်သလို လုပ်နိုင်သွားပါပြီ။
ပြိုင်ဘက်မူဂျာဟစ်ခေါင်းဆောင်တွေဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး အေဒီ၆ရာစုက ဘာမရန် ဗုဒ္ဓရုပ်ပွားတော်တွေဟာ ဖျက်ဆီးခံခဲ့ရပြီး တာလီဘန်ခေါင်းဆောင် Mullah Omar ဟာ ပါကစ္စတန်ဝန်ကြီးချုပ်ကို Shariaဥပဒေပြဌာန်း ဒါမှမဟုတ်ရင် ပြည်တွင်းမငြိမ်မသက်မှုတွေကို ရင်ဆိုင်ဖို့ပြင်ထားဖို့တောင် ခြိမ်းခြောက်ခဲ့ပါတယ်။
တာလီဘန်နဲ့ပတ်သက်လို့လည်း စိုးရိမ်စရာပိုဖြစ်လာရပါတယ်။
အထူးသဖြင့် စက်တင်ဘာ ၁၁ရက်နေ့ တိုက်ခိုက်မှုအပြီးမှာ အာဖဂန်နစ္စတန်ဟာ စင်မြင့်ပေါ်ပြန်ရောက်လာတာနဲ့အမျှ ပိုပြီးသိသာလာရပါတယ်။
ကိုးကား: Caspian Report/ The Origins of Taliban