ယနေ့ခေတ် မြန်မာပြည်ရဲ့ စိုက်ပျိုးရေးကဏ္ဍကို ကြည့်ရင် တကယ်ပဲ ရင်လေးမိပါတယ်။ တောင်သူတွေခမျာ အသိပညာဗဟုသုတနည်းပါးကြတဲ့အပြင် တသက်တာပျော်ချင် သစ်ပင်စိုက်ဆိုတဲ့စကားနဲ့ မလိုက်ဖက်လှစွာ ဖျက်ပိုး၊ ရောဂါတွေကြား ချွေးသံရွှဲရွှဲနဲ့ တနေကုန်လုံးပန်နေကြရရှာပါတယ်။ ဒီကြားထဲ ဆေးကုမ္ပဏီပေါင်းများစွာရဲ့ ဟိုဆေးက ကောင်းတယ် ဒီဆေးက ဘယ်လိုစွမ်းတယ်ဆိုတဲ့ လေလုံးကြီးများအောက်မှာ တကယ်ခံနေရတာ အပင်တွေနဲ့ တောင်သူတွေပါပဲ။ စိုက်ပုံစိုက်နည်းစနစ် မကျခြင်း၊ မြေသြဇာဓာတ်မြေသြဇာ နည်းစနစ်တကျ အသုံးမချတတ်ခြင်း၊ ရာသီဥတု အခြေအနေပေါ် လိုအပ်သလို ပြုပြင်မပြင်ဆင်တတ်ခြင်းတွေကို သွန်ပြပေးမယ့် အနှီဆရာသခင်အပေါင်းတို့ကလဲ ဆေးကုမ္ပဏီကြီးတွေရဲ့ အောက်ဝယ် ပြားပြားဝပ်နေသောကြောင့် တောင်သူကို နည်းပညာပေးဆောင်ရွက်ခြင်းက အားနည်းသထက် နည်းရရှာလေတော့တယ်။
စာရေးသူထံ မေးခွန်းပေါင်းများစွာ လာခြင်းတွေထဲက အများစုမှာ ကျနော့်အပင်လေ ရောဂါဖြစ်နေပြီဆရာ ဘာလုပ်ရမလဲ မသိတော့ဘူး??? ဆိုသည်က အများဆုံးပင်။ အမှန်မှာ မိမိသည် နှစ်ရှည်ပင်နှင့် သစ်မွှေးကိုသာ အဓိက ကျွမ်းကျင်ပြီး တခြား သီးနှံပင်များကို မိမိအိမ်စားဖို့အတွက်သာ စိုက်ပျိုးဖူးပါတယ်။ သို့သော် တောင်သူများအဖြစ်ကို ကိုယ်ချင်းစာပြီး မိမိလက်လှမ်းမှီသမျှ online ပေါ်မှ ရှာဖွေပေးရင်း ကုသနည်း၊ ကာကွယ်နည်းများကို အခါအားလျော်စွာ ရေးသားဖော်ပြခဲ့ပါတယ်။
အရင့်အရင်ကလဲ ပြောခဲ့သလို အခုလဲ ထက်ပြောရရင် ကုသနည်းထက် ကာကွယ်နည်းက ပိုထိရောက်ပြီး ငွေကုန်ကြေးကျ သက်သာပါတယ်။ အပင်ကို ကောင်းမွန်တဲ့မြေဆီလွှာဖြစ်စေဖို့ ဘယ်လိုဘယ်ပုံပြုမူရတယ်။ ရွက်ဖြန်းအားဆေး၊ မှိုသတ်၊ ပိုးသတ်ဆေး စတာတွေ ဘယ်လိုပြုလုပ်ရတယ်။ မိတ်ဆွေပိုးတွေက ဘယ်လို ဘိုကာရှီ၊ ဒိုချက်ကင်မြေသြဇာ ဘယ်လို ပြုပြင်ရတယ် စတာတွေကို အသေးစိတ် ဆောင်းပါးတခုစီတိုင်းမှာ စာရေးသူအနေနဲ့ အကျယ်တဝင့်ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ စာရေးသူ ရေးသားခဲ့တဲ့ ဆောင်းပါးအားလုံးကို အောက်ကလင့်မှာ တစုတစည်းထဲ ဖတ်နိုင်ပါတယ်။
၁။ ကျနော်ရေးမိသမျှ ဆောင်းပါး links များ (ပြုစုနေဆဲ)
https://www.facebook.com/Bogyoke/posts/10207431995620239
ဒီလိုကာကွယ်နည်း အပင်ကို ကျန်းမာသန်စွမ်းနေအောင် ပြုလုပ်နည်းတွေကို အစုံအလင်ပေးထားပါလျက် မပြုမူဆောင်ရွက်လို့ ဖြစ်လာခဲ့တဲ့ အကျိုးဆက်တွေကို တောင်သူတွေ ရင်ဆိုင်လာရတဲ့အခါ ဆရာတွေကို မေးမြန်းတတ်ကြတာ သဘာဝပါ။ ဒါပေမယ့် အခန့်မသင့် ဆေးရောင်းစားချင်တဲ့သူနဲ့ တွေ့လို့ကတော့ (တတ်ယောင်ကား) မိမိမှာ ဆေးဖိုးနဲ့ လုံးရာကပြားပါလိမ့်မယ်။
တချို့ရောဂါတွေက နောက်ဆုံးအဆင့်ရောက်မှ သိမြင်ရခြင်းက ဘယ်လိုမှကုသလို့ မမှီတဲ့အခြေအနေဖြစ်စေပါတယ်။ ဥပမာ ရွက်လိပ်ရောဂါ ဆိုရင် ပျနဲ့ ပုရွက်ဆိပ်တို့နဲ့ ဘယ်လိုဆက်စပ်ပြီး ပျ၊ ဖြုတ်၊ ယင်ဖြူတွေမှာ ကပ်ပါလာတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ရွက်လိပ်ရောဂါဖြစ်စေတယ်ဆိုတာကို အောက်ကဆောင်းပါးလင့်မှာ ဖော်ပြထားပါတယ်။
၂၀။ ရွက်လိပ်ရောဂါ
https://www.facebook.com/groups/GreenAgarwood/permalink/420403098109912/
ဒီတော့ ဆောင်းပါးရဲ့ အဓိကပြန်ဆက်ရရင် ခုလို ပူအိုက်စိုစွတ်တဲ့ ရာသီဥတုမှာ အဖြစ်များကြတာ မှိုရောဂါတွေပါ။ ဒါတွေနဲ့ ပတ်သတ်လို့ ပြင်ဆင်မှုအပိုင်းအနေနဲ့
- လုံးဝဆွေးနေတဲ့ နောက်ချေး၊ ကြက်ချေး၊ စတာတွေသုံးရပါမယ်။ အကယ်၍ အချိန်မရလို့ မဆွေးတဲ့ဟာ ရခဲ့ရင် ဒိုချက်ကင်၊ ဘိုကာရှီပြုလုပ်စေပြီးမှာ ဆွေးစေပါမယ်။ အောက်ကဆောင်းပါးလင့်မှာ ကြည့်ပါ။
၇၈။ ဒိုချက်ကင် မြေသြဇာ ပြုလုပ်ခြင်း အဆင့်ဆင့်
https://www.facebook.com/Bogyoke/posts/10201632296231379
၇၉။ ဘိုကာရှီ မြေသြဇာ ပြုလုပ်နည်း အဆင့်ဆင့်
https://www.facebook.com/groups/Organicfarming.Technology/permalink/524302631030141/
၂၁။ သတ္တလောက အကျိုးပြု EM (Effective Microorganism) နည်းပညာ
https://www.facebook.com/Bogyoke/posts/10203928590717306
- ဓာတ်မြေသြဇာကို အသုံးပြုရာမှာ နိုက်ထရိုဂျင် (ပုလဲဓာတ်)ကို အလွန်အကျွံကျွေးမိတာမျိုး မဖြစ်ပါစေနဲ့။ အပင်က ရောဂါပိုး၊ ဖျက်ပိုးတွေကို ဖိတ်ခေါ်သလိုဖြစ်စေပါတယ်။
- ရေအစိုဓာတ်မများစေရန် အထူးဂရုစိုက်ပါ။ စိုက်ဘောင်မြောင်းအတွင်း ရေမဝပ်စေရန်၊ ရေဆင်းကောင်းစေရန် ကြိုတင်ပြင်ဆင်ရပါမယ်။
အဲ့ဒီလိုပြင်ဆင်မှုတွေ မပြုလုပ်မိလို့ ပြုလုပ်တာ နည်းစနစ်မကျခဲ့လို့ ရောဂါတွေ ကျရောက်လာပြီဆိုရင်တော့ အခြေအနေဆိုးရွားလွန်းရင် မိမိသီးနှံရဲ့ ၅%အောက် ဖျက်ဆီးမှုစတွေ့နေရရင် မနှမြောပါနဲ့ ပျံ့နှံ့လွယ်တဲ့ ခါးရိမှိုရောဂါလို၊ အရိုးအဆစ်ပုတ်၊ ပင်စည်ပုတ်၊ အမြစ်ပုတ် စတဲ့မှိုရောဂါတွေအတွက် အပင်ကို တူးပြီး ဆွဲနှုတ် မီးရှို့ပစ်ပါ။ အဲ့ဒါက အကောင်းဆုံး ကုသနည်းပါ။
ပုတ်နေတဲ့ ခြေထောက်ကို မဖြတ်ရင် တကိုယ်လုံးပုပ်သွားပါလိမ့်မယ်။
ကျန်တဲ့ ၉၅% သော အပင်တွေ ဆက်လက်ကျန်းမာနေဖို့အတွက် ရင်းသင့်က ရင်းရပါလိမ့်မယ်။
အမှန်ကတော့ အခုလိုပူအိုက်စွတ်စိုရာသီစဝင်ကတည်းက ရွက်ဖြန်းမှိုသတ်ဆေးတွေကို အလှည့်ကျ ကြိုတင်ဖြန်းပေးခြင်းက အကောင်းဆုံးကုသခြင်းဖြစ်တဲ့ ကြိုတင်ကာကွယ်ခြင်းပါ။ တကယ်တော့ မှိုဆိုတာ အပင်ဝန်းကျင်မှာ အမြဲတိုက်ခိုက်နေတဲ့သဘောပါ။ ဒါကို မှိုကာကွယ်ဆေး မှိုသတ်ဆေးကို ပုံမှန်ဖြန်းပေးနေမယ်ဆိုရင် အပင်ဟာ ကျန်းမာပြီးကျန်းမာနေမှာ အမှန်ပါ။
ကောင်းပြီ ဘာဆေးတွေ သုံးရမလဲဆိုတော့ ကော့ပါး၊ ဆာလဖာပါတဲ့ ဓာတုမှိုသတ်ဆေးတွေရှိတယ်။ ဆေးဆိုင်တွေအားမကိုးဘူး။ ကိုယ်ကိုယ်တိုင်လုပ်တာကို အားပေးပါတယ်။ အောက်က ဘော်ဒိုးမစ်ချာနဲ့ ထုံးကန့်ဆေးက အခရာပါပဲ။
၅၈။ ဘော်ဒိုးဆေးရည် ဖျော်စပ်နည်း၊ အာနိသင် နဲ့
ထုံးကန့် မှိုဆေးရည် ဖျော်စပ်နည်း ပါ။
https://www.facebook.com/groups/DragonFruitsFarming/547036702098437/
၁၁၁။ ထုံးကန့်ဆေးရည် (lime sulfur) ပြုလုပ်နည်း
https://www.facebook.com/Bogyoke/posts/10209194597204177
ဆရာတယောက်ပြောခဲ့ဖူးတဲ့စကားကို ခဏငှားသုံးရရင် အပင်တွေကို တိုက်ရိုက်တဲ့ ဖျက်ပိုး၊ ရောဂါမှိုတွေကို ကိုယ်က ပြန်လည်တိုက်ခိုက်တဲ့အခါ ကျည်ဝင်ရာလမ်းကြောင်းမတူစေနဲ့ဆိုတာပါပဲ။ မှိုသတ်ဆေး၊ ကာကွယ်ဆေးတွေကို ကုမ္ပဏီမတူ တံဆိပ်မတူတာတွေကို ပြောင်းသုံးခိုင်းတာမဟုတ်ပါ။ သတ်နည်းခြင်းမတူညီတဲ့ မှိုသတ်ဆေး ကာကွယ်ဆေးတွေကို တလှည့်စီ ပြောင်းသုံးစေတာက ရန်သူရဲ့ နောက်မျိုးစိတ်တွေကို ခုခံမှုအား ပိုနည်းစေပါတယ်။ ရန်သူကို အပြီးသတ်မဟုတ်တောင် ရာနှုန်းပြည့်နီးပါး ချေးမှုန်းစေတဲ့ အကောင်းဆုံးနည်းဗျူဟာပါပဲ။ ဒီတော့ အပေါ်က ကော့ပါး၊ ဆာလဖာပါတဲ့ ဆေးတွေက မှိုကို ကော့ပါးဆိပ်၊ ဆာလဖာဆိပ်သင့်ပြီး သေစေသလို ခိုင်တိုင်စန်ကလဲ တနည်းတဖုံစွမ်းပါတယ်။ သူက မှိုရဲ့ ဆဲလ်နံရံတွေခြေဖျက်တဲ့အာနိသင်ရှိပြီး ဆေးဖြန်းပြီး ၂ပတ်အကြာမှာ အပင်အတွက် အားဆေးသဖွယ်ပြုမူပေးပါတယ်။ ဒီ ခိုင်တိုစန်လုပ်နည်းကိုလဲ အောက်ကဆောင်းပါးလင့်မှာ ဖော်ပြထားပါတယ်။
၃၉။ ခိုင်တိုစန် အကျိုးကျေးဇူး နှင့် ပြုလုပ်ပုံ အဆင့်ဆင့်
https://www.facebook.com/groups/GreenAgarwood/permalink/511602408989980/
https://www.facebook.com/groups/Organicfarming.Technology/permalink/768096026650799/
နောက်တခါ ဇီဝမှိုသတ်ဆေး အပြင်ပိုးသတ်အာနိသင်ရောပေးတဲ့ အီးအမ်ဖိုက် EM5 လို့နာမယ်ကြီးနေတဲ့ ဆေးနည်းကိုလဲ အောက်ကလင့်မှာ အပြည့်အစုံရေးပေးထားပါတယ်။
၂၂။ EM5 သို့မဟုတ် မှိုသတ် ပိုးသတ် သြဂဲနစ်ဆေးရည်
https://www.facebook.com/Bogyoke/posts/10206065538739671
၁၁၀။ အီးအမ်ပြုလုပ်ဖို့ အလွယ်မှတ်သားရန်
www.facebook.com/Bogyoke/posts/10208980779018856
နောက်ဆုံးအနေနဲ့ ဒီဆောင်းပါးရဲ့ ဇာတ်လိုက်မင်းသားကြီး ထရိုင်ကိုဒါးမားကို ပွဲထုတ်ပါတော့မယ်။
Trichoderma ဆိုတာ မှိုမျိုးစုတမျိုးပါပဲ။ ကမ္ဘာအနှံ့အပြား မြေဆီလွှာထဲ အလွန်ပေါများစွာ တည်ရှိနေပြီး မျိုးစိတ်ပေါင်း ရာချီအောင် ပျံ့နှံ့တည်ရှိနေတဲ့ မှိုမျိုးပါ။ ၎င်းမှိုမျိုးကို အိမ်တွေရဲ့ စိုစွတ်တဲ့နေရာတွေ နံရံတွေရဲ့ စိုစွတ်တဲ့နေရာတွေမှာ အစိမ်းရောင်အဖြစ် ပေါများစွာ မြင်တွေ့ နိုင်ပါတယ်။ အဲ့ဒီမှိုမျိုးစိတ်ထွက်တဲ့ ဒြပ်ပေါင်းဓာတ်ငွေ့တွေက လူတွေရဲ့ အဆုတ်နဲ့ လေပြွန်လမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေတယ်လို့ တချို့ပညာရှင်တွေက ဆိုထားပါတယ်။ တခါ တချို့ကပဲ လူကီမီးယားသွေးကင်ဆာနဲ့ HIV လို ခန္ဓာကိုယ်ခုခံအား လျော့နည်းစေတဲ့ ရောဂါတွေကို သက်သာစေတယ်လို့ တွေ့ရှိထားပြန်ပါတယ်။
တခါ ဇီဝလောင်စာထုတ် စက်ရုံတွေမှာ ဒီထရိုင်ကိုဒါးမားမှိုရဲ့ အင်ဇိုင်းအကူအညီနဲ့ ပိုမိုကောင်းမွန်အောင် ထုတ်လုပ်လာနိုင်ဖွယ်ရှိတာကိုလဲ သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိထားပါတယ်။ သူ့ရဲ့ဇီဝမှိုသတ်အာနိသင်ကို အသုံးချပြီး စားသောက်ကုန်လုပ်ငန်းတွေ၊ အရက်ချက်စက်ရုံ၊ သွားတိုက်ဆေးထုတ်လုပ်ငန်း၊ အသီးဖျော်ယမကာမျိုးစုံ၊ စတာတွေမှာလဲ တွင်ကျယ်စွာ အသုံးချလျက်ရှိပါတယ်။ ရှေ့ဆက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လေ့လာလိုသူများအတွက် ဆောင်းပါးအောက်က လင့်များမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဒီဇီဝမှိုရဲ့ အကျိုးအာနိသင်များကို ဘက်စုံကဏ္ဍစုံမှာ တွင်ကျယ်စွာ အသုံးချနေသလို စိုက်ပျိုးရေးကဏ္ဍမှာလဲ ရှေးကနဦးထဲက အသုံးချလာခဲ့ပါတယ်။ ဒါကို တောင်သူအများ ဗဟုသုတ ရစေရန်နဲ့ ကိုယ်တိုင်ဖော်စပ်အသုံးချတတ်စေရန် ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးသားလိုက်ရပါတယ်။
ဇီဝမှိုဘုရင် ထရိုင်ကိုဒါးမား
Kingdom: Fungi
Division: Ascomycota
Subdivision: Pezizomycotina
Class: Sordariomycetes
Order: Hypocreales
Family: Hypocreaceae
Genus: Trichoderma
ဒီ ထရိုင်ကိုဒါမား မှိုမျိုးစုတွေဟာ ဖော်ပြခဲ့သလို ကမ္ဘာအနှံ့အပြား မြေဆီလွှာတိုင်းမှာ အပူချိန် ၇၇ နဲ့ ၁၀၄ ဒီဂရီဖာရင်ဟိုက် ကြားမှာ ကောင်းစွာ ရှင်သန်ပေါက်ဖွားကြပါတယ်။
ဒီ ထရိုင်ကိုဒါးမားမှိုရဲ့ စိုက်ပျိုးရေးအတွက် အကျိုးကျေးဇူးတွေကို ပြောရရင်...
၁။ Rigdiforus lignosus fungus, Fusarium oxysporum, Rhizoctonia solani, Fusarium monilifome, Sclerotium rolfsii and Sclerotium fungi rilfisil စတဲ့ အမြစ်ပုပ်၊ ပင်စည်ပုပ်၊ ခါးရိမှိုရောဂါနဲ့ တခြားမှိုရောဂါမျိုးစုံတို့ရဲ့ ဆဲလ်နံရံတွေကို ဖျက်စီးပစ်နိုင်စွမ်းရှိပါတယ်။ အပင်မျိုးစုံတို့ရဲ့ မှိုရောဂါများစွာမှာ သက်ရောက်မှုရှိပါတယ်။
၂။ မိုင်ကိုရိုင်ဇာလို့ခေါ်တဲ့ အပင်ရဲ့အမြစ်ဝန်းကျင်မှာရှိတဲ့ အကျိုးပြုမှိုတွေနဲ့ အတူလိုက်လျောစွာ နေထိုင်နိုင်ခြင်းကလဲ ထူးခြားတဲ့အချက်တခုပါ။
၃။ အပင်ရဲ့ အမြစ်နဲ့ မြစ်မွှားတွေကို မြေဆီလွှာအတွင်း ပိုမိုကြီးထွားရှင်သန်စေပါတယ်။ အပင်ရဲ့အစာစားနိုင်စွမ်းကို မြှင့်တင်ပေးစေပါတယ်။
၄။ မြေဆီလွှာမှာရှိတဲ့ ဖော့်စရပ် မီးစုန်းဓာတ်ကို အပင်စားသုံးနိုင်တဲ့ပုံစံဖြစ်အောင် ကူညီဆောင်ရွက်ပေးပါတယ်။ ဓာတ်မြေသြဇာတွေနဲ့ ယှဉ်တွဲအသုံးပြုနိုင်ပါတယ်။
၅။ အောက်ဇင်၊ စိုင်တိုကိုင်နင် စတဲ့ အပင်ကြီးထွားမှုဖြစ်စဉ်အတွက် အရေးပါတဲ့ ဟော်မုန်းတွေ ဖြစ်ပေါ်စေဖို့ လှုှံ့ဆော်ပေးပါတယ်။
၆။ အပင်ရေဝပ်ခြင်း၊ ဥတုဖောက်ပြန်ခြင်း စတဲ့ ဒဏ်တွေကို သက်သာစေပြီး အပင်ကို ခိုင်နိုင်ရည်စွမ်းမြှင့်တင်ပေးပါတယ်။
၇။ ဒီမှိုကနေ အဓိက cellulase နဲ့ chitinaseဆိုပြီး အင်ဇိုင် ၂မျိုးထုတ်ပါတယ်။ မြေဆီလွှာအတွင်း မဆွေးသေးတဲ့ ဆဲလူးလို့စ်တွေကိုချေဖျက်စေတာမို့ ဒီမှိုစားသုံးလို့ ပိုသျှံတာတွေ အပင်အတွက် များစွာအထောက်အပံ့ပေးပါတယ်။ တခါ ခိုင်းတနေ့စ် အင်ဇိုင်းက ခိုင်တိုစန်ဓာတ်ထုတ်ပေးပြီး တခြားဖျက်မှိုတွေရဲ့ ဆဲလ်နံရံတွေကိုဖျက်စီးတိုက်ခိုက်ပါတယ်။
ဒီလိုအပင်အတွက်များစွာ အကျိုးရှိတဲ့ ထရိုင်ကိုဒါးမား ဇီဝမှိုကို ဈေးကွက်မှာ အလွယ်တကူ မဝယ်ယူနိုင်သူတွေအတွက် စာရေးသူမှ ပြုလုပ်နည်းကို Website များစွာ လေ့လာပြီး ရေးသားဖော်ပြလိုက်ရပါတယ်။ လက်တွေ့ပြုလုပ်နည်း ပုံနှင့်တကွကို မကြာခင်တင်ပြပေးပါမယ်။
ထရိုင်ကိုဒါးမားမှိုဟာ အထက်က ဖော်ပြခဲ့သလို လူရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာကို အနည်းငယ်ထိခိုက်စေတာမို့ ပြုလုပ်ကိုင်တွယ်ရာမှာ နှာခေါင်းစည်း၊ လက်အိတ်များဖြင့် ကိုင်တွယ် အသုံးပြုကြပါလို့ အထူးမှာကြားလိုပါတယ်။
ထရိုင်ကိုဒါးမား မှိုမျိုးစေ့ရယူနည်း
၁။ အခွံနွာပြီးသား အုန်းသီးကို ၂ခြမ်း ခြမ်းပါ။ အုန်းသီးမှာ မနုလွန်း မရင့်လွန်းဖြစ်ရပါမယ်။
၂။ စိုက်ခင်းမှာ အုန်းသီးခြမ်းမြုပ်ရန် အနက် ၁၀လက်မခန့် တူးပါ။ စိုက်ပျိုးမယ့်သီးနှံ စိုက်ခင်းမှာပဲပြုလုပ်ပါ။ ဘာလို့လဲဆိုတော့ အဲ့ဒီဝန်းကျင်ကမှိုက ၎င်းမြေဆီလွှာနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်နေလို့ပါ။
၃။ အုန်းသီးခြမ်း ၂ခြမ်းကို မှောက်ရက်အနေအထားဖြင့် တူးထားတဲ့ ကျင်းထဲမှာ ဘေးကပ်ရပ်ယှဉ်ထားပါ။
၄။ အပေါ်မှ အနီးအနားက မြက်၊ သစ်ရွက်၊ မြေဆွေးများဖြင့် ပြန်ဖုံးပါ။
၅။ ၂ရက်၊ ၃ရက်အတွင်း ပုံ ၁မှာ ပြထားသလို အစိမ်းရောင်မှိုများ အုန်းသီးဆံအဖြူပေါ်တက်နေပြီဆိုပါက မှိုမျိုးစေ့ရယူခြင်းလုပ်ငန်း ပြီးဆုံးအောင်မြင်ပါပြီ။
မှိုမျိုးပြန်ပွားနည်း (ပထမအဆင့်)
၁။ ဆန်ဆေးရည် ၄လီတာ (ပထမအကြိမ်ဆေးတဲ့အရည်သာ)၊ အုန်းရည် ၂လီတာ (အပင်ပေါ်မှချပြီး ၈နာရီအတွင်းဖြစ်ရပါမယ်)၊ သကြား ၆ကျပ်ခွဲသားတို့ကို ပျော်အောင်ဖျော်ပါ။
၂။ အပေါ်မှ အရည်ထဲသို့ မှိုမျိုးစေ့ပါဝင်သော အုန်းသီးခြမ်းမှ အစိမ်းဖတ်များကုန်အောင်ခြစ်ချပါ။ ပြီးရင် ရောသမမွှေပါ။
၃။ ၆လီတာနီးပါးဆန့်သောဘူး သို့မဟုတ် ၁လီတာဆန့် ဘူး၆ဘူးအတွင်းသို့ ပြောင်းထည့်ပြီး နေရောင်မကျသော အေးသောနေရာတွင် ၁၅ရက်ခန့် ထားပါ။
၄။ ဘူးမှလေကန်တတ်သောကြောင့် နေ့စဉ်လေဖွင့်ပေးရန်လိုပါတယ်။ အဲ့လိုမလုပ်ချင်ရင် ဘူးအဖုံးကို ခဲတံလုံးအရွယ်အပေါက်ဖောက်ပြီး အပေါ်မှ ရာဘာလက်အိပ်အပျော့ (သို့မဟုတ်) ပူဖောင်းစွပ်ပြီး ပူဖောင်းကို အပ်ပေါက်၂ပေါက် ၃ပေါက်ဖောက်ပေးပါ။ အပြင်မှလေမဝင်စေရန်နဲ့ အတွင်းမှလေ အပြင်ကို ထွက်စေတဲ့သဘောပါ။
၅။ ၁၅ရက်ပြည့်ရင် ရေအဆ ၁၅ဆရောပြီး အပင်ခြေတဝိုက် မြေဆီလွှာကို ပက်ဖြန်းနိုင်ပါတယ်။
ပထမအဆင့်ကို မြေဆီလွှာထဲ တိုက်ရိုက်ထည့်ပေးနိုင်သလို အဆပမာဏ များစွာ ပွားချင်ရင် အောက်က ဒုတိယအဆင့်ကို ထပ်လုပ်နိုင်ပါတယ်။
မှိုမျိုးပြန်ပွားနည်း (ဒုတိယအဆင့်)
၁။ အပေါ်မှ ထရိုင်ကိုဒါးမား မျိုးပွားရည်ကို ထန်းလျက်ရည်မပျစ်မကျဲဆတူရောပြီး ဖွဲနုအိတ် (တတင်းသို့မဟုတ် တတင်းခွဲအိတ်) တအိတ်၊ ဝါးရွက်အောက်ကမြေဆွေး ၅တင်းဖြင့်ရောပြီး သမအောင် မွှေပါ။
၂။ သမစွာမွှေထားသောမြေဆွေးကို လက်ဖြင့်ဆုပ်လျှင် ဆုပ်လုံးနိုင်ပြီး၊ လက်ညှိုးဖြင့်ထိုးရင် ထိုမြေလုံးကွဲသွားရပါမယ်။ အစိုဓာတ်ပျမ်းမျှ ၆၀% ဝန်းကျင်ဖြစ်စေရန် လိုအပ်တဲ့ရေကို လိုသလို ထပ်မွှေပေးဖို့လိုပါတယ်။
၃။ မြေဆွေးပုံကို အမြင့် ၁ပေခွဲထက် မမြင့်စေဘဲ ရေမစီးတဲ့ကုန်းမြေပေါ် လုပ်ပြီး ငှက်ပျောရွက်များ အပေါ်မှထပ်မိုးပေးပါ။
၄။ ၃ရက် နေရင် တခါမွှေပေးပါ။ ၇ရက်မြောက်နေ့မှာ ထရိုင်ကိုဒါမားမှိုအပြင် ဝါးရွက်ဆွေးဒိုချက်ကင်မှို၊ မိုင်ကိုရိုင်ဇာ စတဲ့အကျိုးပြုမှိုများပါဝင်တဲ့ မြေဆွေးကောင်းကို ရရှိပါပြီ။ အပင်များပတ်လည် ပက်ဖြန်း၍သော်၎င်း၊ အပင်မစိုက်ခင် မြေခံအနေဖြင့် အပင်အရွယ်အစားအလိုက် နို့ဆီဗူး ၄ဗူးမှ တပြည်ဝန်းကျင်ခန့်အထိ ထည့်ပေးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။
စိုက်ပျိုးတောင်သူ မိတ်ဆွေများ စာရေးသူဆောင်းပါးဖတ်ပြီး ပြုံးပျော်နိုင်ကြပါစေ။ ဝင်ငွေတိုးလို့ ကျန်းမာရွှင်လန်းကြပါစေဗျာ။
ခင်မင်တဲ့
ကိုဝေအောင်
စိမ်းလန်းသစ်မွှေး
၂၁ သြဂတ် ၂၀၁၇
ကိုးကားလင့်များ
https://en.wikipedia.org/wiki/Trichoderma
https://www.ncbi.nlm.nih.gov/pmc/articles/PMC2886115/
http://waytogrow.net/trichoderma-biofungicide/
http://living-soils.com/trichoderma-plants/
http://agriculture90.blogspot.co.uk/2015/09/how-to-make-microbial-trichoderma-sp.html
http://www.ticotimes.net/2011/08/04/grow-your-own-friendly-fungus
http://www.mold-answers.com/trichoderma.html
https://c.ymcdn.com/sites/echocommunity.site-ym.com/resource/collection/F6FFA3BF-02EF-4FE3-B180-F391C063E31A/Producing_the_Fungi_Trichoderma_and_Beauveria_at_Home.pdf